၂၄. ၁၁. ၂၀၂၅
Translated by Thettant
ထူးခြားစွာ နောက်ကျိနေသော သံလွင်မြစ်ရေအခြေအနေများအပေါ် သတင်းပေးပို့မှုများအပြီးတွင် ထိုင်းနိုင်ငံ၊ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က ရေအရည်အသွေးစစ်ဆေးခဲ့ရာ မယ်ဟောင်ဆွန်ရှိ သံလွင်မြစ်တစ်လျှောက် စောင့်ကြည့်ရေးနေရာ ၁၃ နေရာစလုံး၌ ဘေးကင်းရေး ကန့်သတ်ချက်ထက် ကျော်လွန်သော အလွန်ပြင်းထန်ပြီး အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်း အာဆင်းနစ်ညစ်ညမ်းမှုကို စစ်ဆေးတွေ့ရှိခဲ့သည်။
PCD ညွှန်ကြားရေးမှူးချုပ် စူရင် ဝေါ်ရာကစ်သမ်ရောင်က နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် မဲဆာရီယန် (Mae Sariang) မှ ဆော့ဖ်မိုအီ (Sop Moei) ခရိုင်အထိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ရေနှင့် အနည်အနှစ် နမူနာများကို အရာရှိများက စုဆောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများအရ နေရာတိုင်းတွင် အာဆင်းနစ်ပါဝင် ညစ်ညမ်းမှုပမာဏသည် တစ်လီတာလျှင် ၀ ဒသမ ၀၁ မီလီဂရမ် (0.01 mg/L) သတ်မှတ်စံနှုန်းကို ကျော်လွန်နေကြောင်း တွေ့ရှိရသည်။ ထို့အပြင် ခဲ (Lead) ပါဝင်ညစ်ညမ်းမှုမှာလည်း ၀ ဒသမ ၀၅ မီလီဂရမ်/လီတာ (0.05 mg/L) ကန့်သတ်ချက်ထက် ကျော်လွန်သည်ကို နေရာတစ်နေရာတွင် တွေ့ရှိရသည်။ သို့သော် ပြဒါး (Mercury) ပမာဏမှာမူ ဘေးကင်းရေး ကန့်သတ်ချက်အတွင်း ရှိနေခဲ့သည်။
သံလွင်မြစ်က ထိုသို့ ညစ်ညမ်းနေသော်လည်း သံလွင်မြစ်အတွင်း စီးဝင်နေသည့် မြစ်လက်တက် ၅ နေရာမှ ရယူထားသော ရေနမူနာများကိုလည်း စစ်ဆေးခဲ့ရာ ထိုနေရာအားလုံးသည် ရေအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီကြောင်း ၎င်းက ဆိုသည်။
ထို့အတွက် စူရင်က သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ သံလွင်မြစ်ရေညစ်ညမ်းမှုဖြစ်ရပ်အပေါ် အကြောင်းကြားရန်နှင့် မြစ်ဖျားပိုင်းရှိ ဖြစ်နိုင်ခြေရှိသော ညစ်ညမ်းမှုရင်းမြစ်များကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သံလွင်မြစ်သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံက အများဆုံးပိုင်ဆိုင်ကာ ထိုင်းနိုင်ငံနှင့်မူ နယ်စပ်မျဉ်းအသွင်ထိတွေ့နေသည့် သုံးနိုင်ငံသက်ဆိုင်သာ မြစ်တစ်စင်းဖြစ်သည်။ လက်ရှိအချိန် သံလွင်မြစ်ရေညစ်ညမ်းမှုမှာ နေရာအနှံ့စစ်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်းယူကာ ရွှေနှင့် မြေရှား စသည့် သတ္တုများ ခိုးတူးနေကြသည့် ဝိသမလောဘသားများ၏ လုပ်ရပ်ကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံက ယူဆထားသည်။
Ref : Bangkok Post
