◾ ဆွေးနွေးပွဲတွင် ယူကရိန်းနှင့် ဥရောပမဟာမိတ်များက အမေရိကန်၏အဆိုပြုချက်ကို ပြင်ဆင်သည့်အဆိုပြုချက် တင်သွင်း
၂၄.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနှီဗာမြို့မှာ နိုဝင်ဘာလ ၂၃ ရက်က ကျင်းပခဲ့ကြတဲ့ ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်အစိုးရရဲ့ အဆိုပြုချက်အပေါ် အပြီးသတ်နိုင်ဖို့ ဆွေးနွေးပွဲမှာ တိုးတက်မှုကြီးမားစွာရခဲ့လို့ အမေရိကန်အနေနဲ့ ကြိုဆိုပါတယ်လို့ ဆွေးနွေးပွဲအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေတော့ ဆက်လုပ်ဖို့ကျန်လိမ့်ဦးမယ်လို့ ရူဘီယိုက ဆက်လက်ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေက အမေရိကန်အစိုးရရဲ့ အဆိုပြုချက်မှာ ပေါက်ကြားလာတဲ့ အချက်တွေအရ အဆိုပြုချက်က ရုရှားကို မျက်နှာသာပေးတယ်လို့ ထင်မြင်ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပဋိပက္ခဖြေရှင်းရေးအတွက် အခြေခံအဖြစ် ကြိုဆိုခဲ့ပေမယ့် ဥရောပခေါင်းဆောင်တွေကတော့ အဆိုပြုချက်အပေါ် စိုးရိမ်ပူပန်မှုတွေ ဖော်ပြခဲ့ကြတာပါ။ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းဟာ အလွန်ခက်ခဲသော ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်။ တစ်ဖက်က ဂုဏ်သိက္ခာ ဆုံးရှုံးရမှာဖြစ်တယ်။ ဒါမှမဟုတ် တစ်ဖက်ကလည်း အဓိကမိတ်ဖက်တစ်ဦးကို ဆုံးရှုံးရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ ယူကရိန်းနဲ့ သူ့ရဲ့ဥရောပမဟာမိတ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ အဆိုပြုချက်ကို ပြင်ဆင်ထားတဲ့ တင်ဆက်မှု အစီအစဉ်ကို တင်သွင်းခဲ့ကြပါတယ်။ ပြင်ဆင်မှုတွေက ယူကရိန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားနဲ့ နယ်မြေစွန့်လွှတ်လိုက်လျောရမှုတွေအပေါ် အမေရိကန်ရဲ့ အဆိုပြုချက် ပါဖော်ပြမှုတွေကို စိန်ခေါ် စောဒကတက်ထားတာပဲလို့ Reuters သတင်းဌာနက ဆိုပါတယ်။
ဂျီနီဗာ ဆွေးနွေးပွဲမှာ မူလအမေရိကန်အဆိုပြုချက်ကို ပြင်ဆင်ထားတဲ့ တန်ပြန်အဆိုပြုချက်အရ ယူကရိန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို အကြံပြုထားတဲ့ ၆၀၀,၀၀၀ ကန့်သတ်ချက်အစား ငြိမ်းချမ်းသောကာလမှာ ယူကရိန်းကို တပ်ဖွဲ့ဝင် ၈၀၀,၀၀၀ အထိ ထားရှိခွင့်ပြုရမှာဖြစ်ပါတယ်။
ပြင်ဆင်အဆိုပြုချက်မှာ ယူကရိန်းကို ငွေကြေးအရ လျော်ကြေးပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒီမှာ ရုရှားက ယူကရိန်းကို စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးတဲ့အထိ ပိတ်ဆို့ထားမယ့် ရုရှားရဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို ပိတ်ဆို့ထားဖို့လည်းပါဝင်ပါတယ်။
ပြင်ဆင်ချက်က ယူကရိန်းဟာ သိမ်းပိုက်ခံနယ်မြေတွေကို စစ်ရေးနည်းလမ်းတွေနဲ့ ပြန်လည်မရယူဘူးလို့ ကတိပြုမှာဖြစ်ပြီး နယ်မြေအစီအစဉ်များဆိုင်ရာ ဆွေးနွေးပွဲတွေကို လက်ရှိဆက်သွယ်မှု လမ်းကြောင်းမှ စတင်မယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ နေတိုး အဖွဲ့ဝင်ဖြစ်နိုင်ခြေက မဟာမိတ်အဖွဲ့ဝင်တွေအကြား အပြည့်အဝသဘောတူညီမှုအပေါ် မူတည်တယ်လို့ ပြင်ဆင်အဆိုပြုချက်က ဖော်ပြထားပြီး လက်ရှိမှာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးကာလအတွင်းမှာ နေတိုးအုပ်စုက ယူကရိန်းမှာ သူ့ရဲ့ကွပ်ကဲမှုအောက်က တပ်ဖွဲ့ဝင်များကို အမြဲတမ်းချထားမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးရင်တော့ ယူကရိန်းဟာ အမျိုးသားရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဓိကကျတဲ့ အချက်တွေမှာ မတူမညီ ဆန့်ကျင်နေကြတဲ့ ဒီငြိမ်းချမ်းရေးအဆိုပြုချက်နှစ်ခုအကြား ယူကရိန်းစစ်ပွဲအတွက် အမှန်တကယ်ငြိမ်းချမ်းရေး ထွက်ပေါ်နိုင်ပါ့မလား စဉ်းစားစရာပါ။
Ref- DW News, bbc
