၂၄.၁၁.၂၀၂၅
Translated by Htwe Ko Tun
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ခေါင်းဆောင်ပိုင်းအနေနဲ့ ရုရှားနိုင်ငံကို ပြိုင်ပွဲတွေ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်လို ယူနိုက်တစ်ကင်းဒမ်းအစိုးရနဲ့ အငြင်းပွားနေရပြီး သူတို့က စစ်ပွဲတွေ စတင်ဆင်နွှဲတဲ့ နိုင်ငံတွေကို ပြိုင်ပွဲမှာ ယှဉ်ပြိုင်မှုကို ပိတ်ပင်တော့မှာမဟုတ်ဘူးလို့ Sky News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာမသန်စွမ်းအိုလံပစ်ကော်မတီ (IPC) အဖွဲ့ဝင်တွေက ရုရှားနိုင်ငံနဲ့ ယူကရိန်းစစ်ပွဲ မဟာမိတ် ဘယ်လာရုစ်နိုင်ငံတို့အပေါ် တစ်စိတ်တစ်ပိုင်းဆိုင်းငံ့ထားမှုကို ရုပ်သိမ်းဖို့ မဲပေးခဲ့တဲ့အပေါ် အလေးအနက်စိုးရိမ်ပူပန်မှုကို ဖော်ပြတဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဓိကအားဖြင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ၃၃ နိုင်ငံထဲမှာ ယူနိုက်တစ်ကင်းဒမ်းလည်း ပါဝင်ပါတယ်။


အရင်က ဒီဆုံးဖြတ်ချက်ကို ရှင်းပြခဲ့တာ မရှိခဲ့ပေမယ့် အခုအခါမှာတော့ IPC ဥက္ကဋ္ဌ အန်ဒရူးပါဆန်က ဆုံးဖြတ်ချက်က စစ်ပွဲတွေနဲ့ ပါဝင်ဆက်စပ်မှုမရှိပါလို့ ပြောကြားခဲ့ပါတယ်။
အန်ဒရူးပါဆန်က “ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ အဲဒီအချိန်တုန်းက အထူးစစ်ဆင်ရေးလို့ သူတို့ခေါ်တဲ့အရာကိုမြှင့်တင်ဖို့ မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲကို အသုံးပြုခဲ့ကြတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ ပထမဆုံးရပ်ဆိုင်းမှုကို ဖြစ်ပေါ်စေခဲ့တာပါ။ ၂၀၂၃ ခုနှစ်ကနေ အခုချိန်အထိတော့. စစ်ပွဲကို မြှင့်တင်ဖို့အတွက် ထပ်မံအသုံးပြုတယ်ဆိုတဲ့ အထောက်အထား နည်းပါးပါတယ်” လို့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
ဒါဟာ အွန်လိုင်းစောင့်ကြည့်ရေးမှာ အထူးပြုတဲ့ ကုမ္ပဏီတစ်ခုက မဲပေးမှုမတိုင်ခင် IPC အဖွဲ့ဝင်တွေကို ပေးအပ်ခဲ့တဲ့ အထောက်အထားတွေအပေါ် အခြေခံထားတယ်လို့သိရပါတယ်။
မစ္စတာ ပါဆင်အတွက် ယူကရိန်းစစ်ပွဲအပေါ် အားကစားဆိုင်ရာ ပိတ်ဆို့မှုတွေ ချမှတ်တာက ဥရောပရဲ့ စိုးရိမ်မှုတစ်ခုသာဖြစ်တယ်လို့ ခံစားရပြီး ကမ္ဘာ့ကျန်နိုင်ငံတွေက ရှေ့နောက်တစ်သမတ်ထဲမဟုတ်တဲ့ ချဉ်းကပ်မှုမျိုးကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ပိုမိုမီးမောင်းထိုးပြဖွယ်ရှိတယ်ဆိုတာကိုလည်း စဉ်းစားမိမှာပါ။
ပိတ်ပင်မှုကို ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ အစိုးရတွေရဲ့ ပူးတွဲကြေညာချက်တွေမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဥရောပမဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့သာ ပါဝင်ပါတယ်။
မစ္စတာ ပါဆင်က “တကယ်တန်းပြင်းထန်တဲ့ စစ်ပွဲတွေဆင်နွှဲနေတာက ရုရှားနဲ့ ဘယ်လာရုစ်တို့ နှစ်နိုင်ငံထဲမှ မဟုတ်တာ။ ကမ္ဘာတစ်ဝန်းမှာ ပဋိပက္ခတွေ အများကြီးရှိနေတာပဲ။ ဒါပေမယ့်သူတို့ကို ပိတ်ဆို့ဆိုင်းငံ့ထားတာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် စစ်ပွဲစတင်တယ်ဆိုတဲ့ နိုင်ငံတစ်ခုက IPC ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်တာမဟုတ်ပါဘူးဆိုတာ ယူနိုက်တစ်ကင်းဒမ်းနဲ့ တခြားအစိုးရတွေက ယုံကြည်နေပေမယ့် သူက ရှင်းပြခဲ့ပါတယ်။
သပိတ်မှောက်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေကြားကပဲ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ်မှ အားကစားသမားတွေကို ပေကျင်း မသန်စွမ်း အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။
Ref- Sky News

