နေမိုး
၂၄. ၁၁. ၂၀၂၅
ကရင်ပြည်နယ်ရှိ လူသိများသော အွန်လိုင်းလိမ်လည်မှုစင်တာများအနီးတွင် မြန်မာ့တပ်မတော်နှင့် အကြမ်းဖက်လက်နက်ကိုင်များအကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ထိုင်းတပ်မတော်၏ အမှတ် (၃) စစ်တိုင်းဒေသကြီးသည် တက်ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးအစီအမံများကို တိုးမြှင့်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲသည် နိုဝင်ဘာလ ၂၂ ရက်၊ စနေနေ့က ထိုင်းပိုင်နက် မဲဆောက်ခရိုင်နှင့် တစ်ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နှင့် မြန်မာ့တပ်မတော်၏ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်တို့သည် မဲဆောက်ရှိ ဘန်မဲကွန်ကင်း (Ban Mae Kon Ken) ၏ တစ်ဖက်ကမ်း၊ မြဝတီမြို့နယ်ရှိ မင်းလက်ပန်ရွာအနီးတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
◾️ လက်နက်ကြီးကျည် ထိုင်းပိုင်နက်သို့ ကျရောက်မှု
တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ပူးပေါင်းအဖွဲ့က အကြမ်းဖက်လက်နက်ကိုင်များဖြစ်သော KNU နှင့် PDFကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန် ၆၀ မီလီမီတာ မော်တာကျည်တစ်လုံးသည် မဲကွန်ကင်းရွာထဲသို့ ကျရောက်ခဲ့သဖြင့် အိမ်လေးလုံးနှင့် ပစ်ကပ်ထရပ်ကားတစ်စီး ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ပေါက်ကွဲမှုကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

တုံ့ပြန်သတိပေးသည့်အနေဖြင့် ထိုင်းတပ်ဖွဲ့များသည် ၁၂၀ မီလီမီတာ မီးခိုးကျည်တစ်လုံးကို ပြန်လည်ပစ်ခတ်ခဲ့ပြီး ၎င်းတို့၏ အသင့်အနေအထား အဆင့်ကို မြှင့်တင်ခဲ့သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသား ၁၂၅ ဦး သည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့ကြပြီး ဒေသခံထိုင်းအာဏာပိုင်များထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရယူနေကြသည်။
◾️ အခြေအနေ စစ်ဆေးမှုနှင့် စိုးရိမ်ပူပန်မှုများ
အမှတ် (၃) စစ်တိုင်းဒေသကြီး၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေါ်ရာသက်ဖ် ဘွန်ညာနှင့် နရဲစွမ်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး မိုင်းထရီ ချူးပရီချာတို့သည် မဲကွန်ကင်းရှိ ပျက်စီးဆုံးရှုံးမှုများကို မနေ့က သွားရောက်စစ်ဆေးခဲ့ကြသည်။ အရာရှိများသည် မော်တာကျည် ပေါက်ကွဲမှုများနှင့် လှိုင်းဂယက်များကြောင့် ဒေသတွင်း အဆောက်အအုံများအပေါ် သက်ရောက်မှုကို လေ့လာခဲ့သည်။
ဗိုလ်ချုပ်ကြီး ဝေါ်ရာသက်ဖ်က ယခုဖြစ်ရပ်သည် မကြာသေးမီရက်များအတွင်း ယင်းဒေသ၌ ထိမှန်မှု လွဲချော်သော ဒုတိယအကြိမ်မြောက်ဖြစ်ရပ် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာသို့ ပြောကြားခဲ့ပြီး၊ ထိုင်းပိုင်နက်အတွင်းသို့ ပဋိပက္ခ ကူးစက်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြောင်း ပြောဆိုခဲ့သည်။
မနေ့ကမူ KNU သည် ယခင်က နိုင်ငံဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မင်းလက်ပန်ရွာကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။
◾️ လုံခြုံရေး တိုးမြှင့်ချထားမှုများ
နယ်စပ်တစ်လျှောက် အန္တရာယ်ပိုမိုများလာမှုကြောင့် ရာဇမနူတပ်ဖွဲ့သည် ၎င်းတို့၏ တာဝန်ယူဧရိယာများတွင် လုံခြုံရေးနှင့် စောင့်ကြည့်ရေး လုပ်ငန်းများကို ထပ်မံတိုးမြှင့်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့် ပိုမိုကျယ်ပြန့်သော လုံခြုံရေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။
အဆိုပါ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် ရာဇမနူတပ်ဖွဲ့သည် အင်အားထပ်မံဖြည့်တင်းချထားပြီး စစ်ဆင်ရေးစွမ်းရည်ကို တိုးမြှင့်ခဲ့သည်။ ထပ်မံဆောင်ရွက်ခဲ့သည့် အစီအမံများတွင် နေ့ရောညပါ ကင်းလှည့်မှုအကြိမ်ရေ တိုးမြှင့်ခြင်း၊ တောလမ်းအတိုင်း ဖြတ်ကျော်နိုင်သော နေရာများနှင့် အန္တရာယ်များသည့် နေရာများတွင် ယာယီ စောင့်ကြည့်ရေးစခန်းများ တည်ဆောက်ခြင်း၊ ပစ်ကူလက်နက်များကို အဓိကမဟာဗျူဟာမြောက် နေရာများသို့ ပြောင်းရွှေ့ချထားခြင်းတို့ ပါဝင်သည်။
ထို့အပြင် ရာဇမနူတပ်ဖွဲ့သည် နရဲစွမ်တပ်ဖွဲ့ထံမှ အကူအညီများကိုလည်း ရယူခဲ့ပြီး ထိုအကူအညီများတွင် ကြာရှည်စွာ လေကြောင်းစောင့်ကြည့်ရန်အတွက် မောင်းသူမဲ့လေယာဉ် (UAV) တပ်ဖွဲ့၊ သူလျှိုလုပ်ရန် လေကြောင်းမှ ကျူးကျော်ဝင်ရောက်မှုများကို ပိတ်ဆို့ရန်အတွက် မောင်းသူမဲ့လေယာဉ်တန်ပြန်စနစ် (C-UAS) တပ်ဖွဲ့၊ ထောက်လှမ်းရေးနှင့် ကနဦးသတိပေးချက်များအတွက် ရေရှည်ကင်းထောက်ကင်းလှည့် (LRRP) တပ်ဖွဲ့တို့ကိုလည်း အင်အားဖြည့်တင်း အကူအညီရယူထားသည်။ ထို့အပြင် ပဋိပက္ခများ တိုးလာပါက သို့မဟုတ် ကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေပါက အင်အားများ လှည့်လည်ချထားခြင်းနှင့်အတူ စက်ပစ္စည်းများ၊ ကျည်ဆံများနှင့် စောင့်ကြည့်ရေးစနစ်များ ထပ်မံချထားရေးကိုလည်း စဉ်းစားမည်ဖြစ်သည်။
ယင်းအပြင် ရာဇမနူတပ်ဖွဲ့သည် နယ်စပ်အနီးရှိ ကျေးရွာများတွင် စစ်ဆေးရေးဂိတ်များနှင့် လမ်းပိတ်ဆို့မှုများကို တိုးမြှင့်နိုင်ရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးအာဏာပိုင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
Ref : The Thaiger
