နေမိုး
၂၃. ၁၁. ၂၀၂၅
KNU နှင့် PDF ပူးပေါင်းအဖွဲ့ ကုန်တင်ယာဥ်တစ်စင်းကို ပစ်ခတ်တိုက်ခိုက်သဖြင့် ယာဥ်မောင်းတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရမှု မြဝတီမြို့နယ်တွင်ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူ အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြဝတီမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နေ ကိုဟန်လင်းဇော်(၂၁)နှစ် မောင်းနှင်ပြီး ဦးသူရအောင်(၃၂)နှစ်နှင့် ဦးရှိုင်းကို(၃၃)နှစ်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် 5H—–FUSO အမျိုးအစား ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်သည် မင်းလက်ပံကျေးရွာမှ မြဝတီမြို့သို့ မြဝတီ-ဝေါလေကားလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မင်းလက်ပံကျေးရွာထိပ်အရောက်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အား စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကိုဟန်လင်းဇော်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသူရအောင်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးရှိုင်းကိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
