နေမိုး
၂၄. ၁၁. ၂၀၂၅
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၁၈ မိနစ်အချိန်က ပါရာမော်တာတစ်စင်းကို ပစ်ချလိုက်သည်ဟု မြိုင်ပကဖအဖွဲ့က ထုတ်ပြန်ခဲ့ပြီး လိုက်ပါလာသူ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးရန် PDF အဖွဲ့များစွာဖြင့် တောနင်းရှာဖွေခဲ့ကြသော်လည်း ဖမ်းမမိဘဲ အဆိုပါ ပျက်ကျ ပါရာမော်တာပေါ်လိုက်ပါလာသည့် တပ်မတော်သားနှစ်ဦးမှာ မိခင်တပ်နှင့် ပြန်လည်ပေါင်းစည်းသွားနိုင်ပြီဖြစ်ကြောင်း MT News ၏ သတင်းရင်းမြစ်က ပြောသည်။
မြိုင်ပကဖသည် ပေါက်ပကဖ၊ MGY-PDF စုပေါင်းတပ်များဖြင့် ပူးပေါင်းကာ တပ်မတော် စစ်ကြောင်းများအားတိုက်ခိုက်စဉ် ပခုက္ကူ တပ်မ (၁၀၁) မှ လာရောက်ပစ်ခတ်သော ပါရာမော်တာအား ပစ်ချရာ ပျက်ကျသွားကြောင်း နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၁၈ မိနစ်အချိန် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ရုပ်သံမှတ်တမ်းများအရ ပျက်ကျနေသော ပါရာမော်တာတစ်စင်းဘေးတွင် PDF များ စုပြုံသယ်ယူနေသည်ကို တွေ့ရှိရသော်လည်း မောင်းနှင်သည့်တပ်မတော်သားများကို ဖမ်းမမိလိုက်ဘဲ ယင်းတို့၏ PDF အဖွဲ့များစွာဖြင့် တောနင်းရှာဖွေခဲ့ကြသည်ဟုသာ PDF ထောက်ခံသည့်မီဒီယာများကို ဖြေဆိုခဲ့ကြသည်။
MT News ၏ မြေပြင်မှ သတင်းအချက်အလက်များကောက်ယူစုဆောင်းမှုနှင့် သတင်းပေးရင်းမြစ်ပြောကြားချက်အရ ပျက်ကျပါရာမော်တာတွင် တပ်မတော်သားနှစ်ဦး လိုက်ပါလာပြီး ပျက်ကျချိန် တစ်ဦးက မျက်နှာကျည်ရှပ်ထိဒဏ်ရာရလိုက်သော်လည်း ဒေသကိုကျွမ်းကျင်သည်ဆိုသည့် PDF များ ထပ်ကြပ်မကွာလိုက်ပါလာသည့်ကြားမှ ခြေရာဖျောက်နိုင်ခဲ့ကြောင်း၊ ထိုသို့ခြေရာဖျောက်ချိန်တွင်လည်း ပါရာမော်တာမှ PDF များ နားမလည်နိုင်သည့် အရေးကြီးအစိတ်အပိုင်းအချို့ကို တစ်ပါတည်း ဖြုတ်ယူနိုင်ခဲ့ကြောင်း၊ ထိုပါရာမော်တာမှာ အဆင့်မြင့်ပါရာမော်တာဖြစ်ပြီး ဗုံးသီးများကို လက်ဖြင့်ချရန်မလိုဘဲ စက်က အလိုအလျောက်လုပ်ဆောင်ပေးသော်လည်း PDF များရလိုက်သည်မှာ ပျက်စီးနေပြီး အရေးမကြီးသည့် ကိုယ်ထည်သာဖြစ်ကြောင်း၊ PDF တို့ ကျွမ်းကျင်သည်ဆိုသော ဒေသခံနယ်မြေတွင် ဒဏ်ရာရတပ်မတော်သားနှစ်ဦးတည်းဖြင့်သာ လွတ်မြောက်အောင် တိမ်းရှောင်နိုင်ခဲ့သလို ယမန်နေ့ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းအချိန်က ပျက်ကျပါရာမော်တာယာဥ်ပေါ် လိုက်ပါလာသည့် တပ်မတော်သားနှစ်ဦးမှာ မိခင်တပ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။





