၂၀.၁၁.၂၀၂၅
Written by NYL
မဲမပေးရန်ပြောနေခြင်းသည် မနာလို၍ ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် ပြောခြင်းဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မိုးကောင်းကျေးရွာနှင့် နောင်ခွင်ကျေးရွာတို့တွင် မဲဆန္ဒရှင်များနှင့် နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားလိုက်သည်။



“ရွေးကောက်ပွဲကို ပျက်အောင် မျိုးစုံပြောနေကြတယ်။ စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲ တရားမှာ မဟုတ်ဘူး။ မတရားဘူး။ မင်းတို့ သွားပြီးတော့ မဲမပေးကြနဲ့လို့ ဝိုင်းပြီးတော့ ပြောနေကြတာတွေရှိတယ်။ အဲဒါတွေဟာ မနာလိုလို့ ကျွန်တော်တို့ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်အောင်လို့ပြောတာပဲ။ တကယ့်တကယ်တော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်သူ့အတွက်လဲဆိုတော့ ပြည်သူတွေအတွက်။ အခု ဒီပြည်သူတွေအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် ရွေးကောက်ပွဲလုပ်တာ”ဟု ဦးသောင်းအေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲပျက်အောင်ဖျက်ခြင်းသည် ပြည်သူများ၏ အခွင့်အရေးကိုဖျက်ခြင်းနှင့်တူပြီး ရွေးကောက်ပွဲအောင်မြင်အောင်လုပ်ရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နားလည်ရမယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲကို ပျက်အောင်ဖျက်တာ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ အခွင့်အရေးကို ဖျက်တာနဲ့ မတူဘူးလား။ ဒီလို နားလည်ပေးဖို့ လိုပါတယ်။ သူများတွေ ပြောနေတာတွေ ကျွန်တော်တို့က နားမယောင်ပါနဲ့။ ကျွန်တော် အမှန်တရားကိုပဲ ပြောတာပါ။ ဒါ မဲဆွယ်တာလည်း မဟုတ်ဘူး။ ရှင်းပြတာ။ အဲဒီတော့ ကျွန်တော်တို့သည် ရွေးကောက်ပွဲကို အောင်မြင်အောင်လို့ လုပ်ကိုလုပ်ရမယ်”ဟုလည်း ဦးသောင်းအေးက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲပျက်ပြားစေရန် ပါးစပ်(သို့မဟုတ်) လက်နှင့်ဖြစ်စေ၊ ကိုယ်စားလှယ်များကို ခြိမ်းခြောက်ခြင်း၊ လူထုကို မဲမပေးရန် လုပ်ဆောင်ခြင်းများသည် ပြစ်ဒဏ်များချမှတ်ရန် ဥပဒေထုတ်ပြန်ထားကြောင်းလည်း ဦးသောင်းအေးက ဆက်လက်ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွန့် (FPTP)နှင့် ဒေါ်သန်းသန်းအေး (PR)တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။






