၂၀. ၁၁. ၂၀၂၅
Translated by Thettant
ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပုန်သွမ်ပြည်နယ်ရှိ တံတားတစ်စင်းပေါ်မှ ခရီးသွားရင်းအိပ်စက်နိုင်သည့် အိပ်ရာပါ အဝေးပြေးဘတ်စ်ကားတစ်စီး မြစ်ထဲသို့ ယနေ့မနက် ၃ နာရီခန့်က မြစ်ထဲသို့ ထိုးကျခဲ့ရာမှ အနည်းဆုံး လူ ၁၃ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့သည်။
ဖြစ်စဉ်အတွင်း လူပေါင်း ၂၀ ကျော်ကို ရေထဲမှ ဆွဲထုတ်ကယ်တင်နိုင်ခဲ့သော်လည်း ၁၀ ဦးကျော်မှာ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ဖြစ်စဉ်အပေါ် ကမ်ပုန်သွမ်ပြည်နယ်၊ ဆန်တွတ်ခ်ခရိုင်ရဲအရာရှိတစ်ဦးက “ဘတ်စ်ကားက စီယမ်ရိစ်ပ်ကနေ ဖနွမ်းပင်ကို သွားနေတာပါ။ ဘတ်စ်ကား ရေထဲကျသွားလို့ လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၁၃ ဦးလုံး ဘတ်စ်ကားထဲမှာပဲ သေဆုံးခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ဆန်တွတ်ခ်ခရိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ မတော်တဆမှုသည် ဆန်တွတ်ခ်ခရိုင်၊ ကာခို့ကျေးရွာအုပ်စု၊ ချေချွမ်းနပ်စ်ကျေးရွာတွင် နိုဝင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း မြစ်အမြစ်ဖော်ပြထားမှုမရှိသော်လည်း ထိုဒေသတွင် Stung Sen River တည်ရှိသဖြင့် ထိုမြစ်အတွင်း ထိုးကျခြင်းဖြစ်နိုင်သလို ထိုမြစ်၏ မြစ်လက်တက်လည်း ဖြစ်နိုင်သည်။
ကမ်ပုန်သွမ်ပြည်နယ်ရဲအရာရှိတစ်ဦးကမူ မတော်တဆမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ရဲတပ်ဖွဲ့က စုဆောင်းနေပြီး အသက်ရှင်ကျန်ရစ်သူများကို လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း ကြေညာခဲ့သည်။
အလားတူ ကျေးရွာအုပ်စု ရဲအရာရှိဟောင်းတစ်ဦး၏ အဆိုအရ မတော်တဆမှုသည် ချေချွမ်းနပ်စ်ကျေးရွာရှိ O’ Prasat တံတားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘတ်စ်ကားမောင်းသူ အိပ်ပျော်သွားခြင်းကြောင့် တံတားဘောင်ကို ဝင်တိုက်ကာ ရေထဲသို့ ထိုးကျသွားခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။
“အခြားတစ်ခုခုနဲ့ တိုက်မိတာမျိုး မရှိပါဘူး။ အခင်းဖြစ်နေရာက ရဲတွေရဲ့ ကောက်ချက်အရ ယာဉ်မောင်းအိပ်ပျော်သွားတာ၊ ညာဘက်ခြမ်းက တံတားဘောင်ကို တိုက်မိပြီး ရေထဲကျသွားတာ ဖြစ်နိုင်ပါတယ်။”ဟု ၎င်းက ဆိုခဲ့သလို “အဲဒီမှာ ရေက နက်တယ်။ ၅ မီတာလောက် ရှိတယ်။ ဘတ်စ်ကားကို ရေထဲက ဆွဲထုတ်တဲ့အခါ အထဲမှာ ရုပ်အလောင်းတွေ ပါနေတာ တွေ့ရတယ်။ အရမ်းကို စိတ်မကောင်းစရာပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို အနီးအနားရှိ ကာခို့ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ထားသည်ဟု သိရှိရသလို Khmer Times သတင်းဌာန၏ နောက်ဆုံးသတင်းအချို့အရ ယခုဖြစ်စဉ်တွင် သေဆုံးသူ ၁၃ ဦး ဒဏ်ရာရသူ ၂၄ ဦးနှင့် ပျောက်ဆုံးနေသူ ၁၀ ဦးကျော်ကို ဆက်လက် ရှာဖွေနေသည်ဟု သိရသည်။
Ref : Straits Times & Khmer Times






