၂၀.၁၁.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းပေါ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဆီမီရူးမီးတောင်က နိုဝင်ဘာလ ၁၉ ရက်မှာ စတင်ပေါက်ကွဲခဲ့ပြီး မီးတောင်ရဲ့ တောင်ထိပ်အထက် နှစ်ကီလိုမီတာ (တစ်မိုင်) အထိ ပြာမှုန်တွေကို တိမ်တိုက်တွေသဖွယ် မှုတ်ထုတ်ခဲ့လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ မီးတောင်ဗေဒ အေဂျင်စီက သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ခဲ့ရတယ်လို့ သိရပါတယ်။
အေဂျင်စီက မီးတောင်ပေါက်ကွဲမှု အန္တရာယ်တွေကြောင့် ဒေသခံတွေဟာ မီးတောင်မှ ၂ ဒသမ ၅ ကီလိုမီတာ အကွာအဝေးမှာသာ နေထိုင်သင့်ကြကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပေ ၁၂,၀၀၀ ကျော်မြင့်တဲ့ ဆီမီရူး မီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ သက်ဝင်လှုပ်ရှားမှုရှိနေသေးတဲ့ မီးတောင် ၁၃၀ နီးပါးထဲမှ တစ်ခုဖြစ်ပါတယ်။
စွမ်းအင်နှင့် သတ္တုအရင်းအမြစ်တွေရဲ့ ဘူမိဗေဒအေဂျင်စီ အကြီးအကဲ မူဟာမက်ဝါဖစ်ကလည်း “မီးတောင်ကမှုတ်ထုတ်နေတဲ့ ကျောက်တုံးကျောက်စတွေ ထိခိုက်မိနိုင်လို့ ပြည်သူတွေအနေနဲ့ ဆီမီရူး မီးတောင်ရဲ့ မီးတောင်ဝ ဒါမှမဟုတ် တောင်ထိပ်မှ ရှစ်ကီလိုမီတာ (ငါးမိုင်) အတွင်း လှုပ်ရှားမှုမပြုကြဖို့ အကြံပြုပါတယ်” လို့ ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီက မီးတောင်ကမှုတ်ထုတ်တဲ့ ပြာမှုန်တွေဟာ နိုဝင်ဘာလ ၂၀ ရက်မှာ လေထုထဲကို ၁၃ ကီလိုမီတာ (ရှစ်မိုင်) အထိ မြင့်တက်နေပြီး နိုဝင်ဘာလ ၁၉ ရက်ထက် ဆယ်ဆမြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မူဟာရီက မီးတောင်အနီးမှာ နေထိုင်တဲ့ ရွာသား အနည်းဆုံး ၃၀၀ ကို ယာယီခိုလှုံရာ စခန်းနှစ်ခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေကိုတော့ ချက်ချင်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဘူမိဗေဒအေဂျင်စီကလည်း ဆီမီရူးတောင် ငလျင်လှုပ်ရှားမှုတွေ မြင့်မားနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာလီရှိ Ngurah Rai လေဆိပ်မှ အာဏာပိုင်တွေကမူ လေယာဉ်ခရီးစဉ်တွေကို အခုအချိန်အထိ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ပြောခဲ့ကြပါတယ်။
ဆီမီရူးမီးတောင်က ၂၀၂၁ ခုနှစ်မှာလည်း ပေါက်ကွဲခဲ့သေးပြီး ထိုစဉ်က လူ ၅၀ ကျော် သေဆုံးကာ အိမ်ခြေ ၅,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀,၀၀၀ နီးပါး ခိုလှုံရာ ရှာဖွေခဲ့ရပါတယ်။
Ref- Jakarta Post
