၂၀.၁၁.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အနိုင်ရရှိပါက ယခုအစိုးရလုပ်ဆောင်နေသည့် ကျားဖြန့်လုပ်ငန်းနှိမ်နင်းခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင် နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲက ပြုလုပ်ခဲ့သည့် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းဆွေးနွေးပွဲအပြီး သတင်းထောက်များ၀ိုင်းဝန်းမေးမြန်းမှုအား ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလိမ်လည်ကျားဖြန့်လုပ်ငန်းများအပေါ် လက်ရှိတာဝန်ယူထားသည့် အစိုးရက နှိမ်နင်းနေသည့်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိပါက ဆက်လက်လုပ်ဆောင်သွားမည်လားဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ‘‘ကျွန်တော်တို့ ဒါတွေကို ဆက်လုပ်သွားပါမယ်။ အခု နိုင်ငံတော်ကလုပ်တာ သိပ်ကောင်းပါတယ်။ အများကြီးပဲလေ။ အခြေအနေအသေးစိတ်ကိုတော့ ကျွန်တော်မသိသေးပါဘူး’’ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနေလျက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အနိုင်ရရှိပြီး လာမည့်အစိုးရသစ်တွင် မည်ကဲ့သို့နည်လမ်းများရှိပါသလဲဟု မေးမြန်းခဲ့သည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ‘‘ကျွန်တော်က ရဲချုပ်လုပ်ခဲ့တယ်လေ။ ရဲချုပ်ရဲ့အောက်မှာ ဖမ်းဖို့ဆီးဖို့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနဆိုတာရှိတယ်။ အဲဒါကို ကျွန်တော်တို့ကိုင်တွယ်ခဲ့တာပေါ့။ နိုင်ငံဖြတ်ကျော်မှုခင်းမျိုးဆိုတာက သက်ဆိုင်ရာနိုင်ငံနဲ့ ဆက်စပ်ဖို့လိုတာပေါ့။ ဥပမာ ကျွန်တော်တို့ဆီကနေမှ မူးယစ်ဆေးဝါးကိစ္စ၊ လက်နက်မှောင်ခိုကိစ္စ ထိုင်းနိုင်ငံနဲ့ ညှိဖို့လိုလာရင် ထိုင်းနိုင်ငံနဲ့ ညှိလိုက်တယ်။ သက်ဆိုင်ရာနယ်စပ်ဖြတ်ကျော်မှုခင်းတွေ ကျဆင်းဖို့ဆိုတာက ပြည်တွင်းရေးကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ဆက်စပ်နေတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံဖို့လိုပါတယ်’’ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲကြေညာ စာတမ်းရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဝန်းရံသူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ အနုပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား တစ်သောင်းခန့် လာရောက်ဝန်းရံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် မုလအိအလင်းကုမ္ပဏီနှင့် Tran-Asia International Holding Group (Thailand) ကုမ္ပဏီလုပ်ငန်းစတင်ခဲ့သည့် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းသို့ အောက်တိုဘာလအတွင်းမှစ၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းသို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှစ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲများဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
