◾️ ပင်လယ်ရေအောက်တူးဖော်ရေးစက် Guo Hai Tai He သည် ကပ္ပလီပင်လယ်ရှိ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လုပ်ငန်းစတင်ဆောင်ရွက်နေ
၂၀. ၁၁. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံအခြေစိုက် SED Energy Holdings (Energy Holdings) သည် ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း PTTEP ၏ မြန်မာကမ်းလွန် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း၌ ၎င်းတို့၏ ၂၁ လကြာ တူးဖော်ရေးစာချုပ်ကို စတင်လိုက်ပြီဖြစ်သည်ဟု စွမ်းအင်သတင်းများကို အခိုင်အမာဖော်ပြနေသော Upstream သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ဖော်ပြလိုက်သည်။
Energy Holdings ၏ လက်အောက်ခံဖြစ်သော Energy Drilling ပိုင် ပင်လယ်ရေအောက် တူးဖော်ရေးစက် (TAD) Guo Hai Tai He သည် ဤသီတင်းပတ်တွင် စတင်လည်ပတ်ခဲ့သည်။ စင်ကာပူနိုင်ငံရှိ Crystal Offshore သင်္ဘောကျင်းတွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းမှုများကို သတ်မှတ်ချိန်အတွင်းနှင့် ဘတ်ဂျက်အတိုင်း ပြီးစီးခဲ့ပြီးနောက် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကပ္ပလီပင်လယ်သို့ ရွက်လွှင့်လာခဲ့ပြီးနောက် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းများမစတင်မီ Guo Hai Tai He တူးဖော်ရေးစက်အဖွဲ့သည် စနစ်တစ်ခုလုံး ပေါင်းစည်းစမ်းသပ်မှု (Full system integration test)၊ အဖွဲ့သားများ၏ ကျယ်ပြန့်သော လေ့ကျင့်ခန်းများနှင့် အကျွမ်းတဝင်ရှိစေရန် သင်တန်းများအားလုံးကို ပြီးမြောက်ခဲ့သည့်အပြင် လုပ်ငန်းလည်ပတ်ရန် အဆင်သင့်ရှိမှုနှင့် PTTEP ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် (SSHE) လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိစေရန် မဖြစ်မနေ လုံခြုံရေးလေ့ကျင့်မှုများ (Mandatory safety drills) ကိုပါ ဆောင်ရွက်ခဲ့သည်။
ဤလုပ်ငန်းစဉ်ကို အပြုသဘောဆောင်ပြီး ဘေးကင်းစွာ စတင်နိုင်ရန် အဓိပ္ပာယ်ဖော်ဆောင်သည့် ရိုးရာမင်္ဂလာအခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း Energy Holdings က မှတ်ချက်ပြုသည်။
Energy Drilling ၏ အမှုဆောင်အရာရှိချုပ် Marcus Chew က “Guo Hai Tai He လုပ်ငန်းစတင်ပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်ရဲ့ တူးဖော်ရေးအစီအစဉ်ကို ထောက်ပံ့ပေးနေတာကို မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းသာပါတယ်။ ဒီအောင်မြင်မှုဟာ ရှုပ်ထွေးတဲ့ တည်ဆောက်မှုကို တိကျမှုနဲ့ ဘေးကင်းစွာ ပြီးမြောက်အောင် စွမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေနဲ့ ကမ်းခြေအခြေစိုက်အဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျွမ်းကျင်မှုကို မီးမောင်းထိုးပြနေပါတယ်။ ဒီစာချုပ်ကာလတစ်လျှောက်လုံး အရည်အသွေးမြင့်မားပြီး ဘေးကင်းတဲ့ စွမ်းဆောင်ရည်ကို အစဉ်မပြတ် ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိစာချုပ်အရ ပင်လယ်ရေအောက်တူးဖော်ရေးစက် Guo Hai Tai He သည် မြန်မာနိုင်ငံတွင် ၂၀၂၇ ခုနှစ် တတိယသုံးလပတ်အထိ PTTEP အတွက် တူးဖော်ပေးနေမည် ဖြစ်သည်။
Energy Holdings ၏ အမှုဆောင်အရာရှိချုပ် Kurt M Waldeland က “ဒီစာချုပ် စတင်ခြင်းဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို ပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစုတစ်ခုလုံးရှိ ပိုင်ဆိုင်မှုအားလုံးဟာ အခုဆိုရင် စာချုပ်ချုပ်ဆိုထားပြီး ဝင်ငွေရရှိနေပြီဖြစ်လို့ နောင်လာမယ့် သုံးလပတ်များအတွက် ငွေသားစီးဆင်းမှုကို အပြည့်အဝ ကြိုတင်သိရှိနိုင်စေပါတယ်။ မကြာမီကာလအတွင်း အဓိက အရင်းအနှီးသုံးစွဲရန် အစီအစဉ်မရှိသောကြောင့် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ ငွေသားပြောင်းလဲခြင်းကို ထိန်းသိမ်းထားနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ ရှယ်ယာရှင်အကျိုးအမြတ်များကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။
PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်းများကို ထပ်မံရှာဖွေ တူးဖော်ကာ စာချုပ်သက်တမ်းတိုးမြှင့်ရန် စဉ်းစားနေသလို PTTEP ၏ အမှုဆောင်အရာရှိချုပ် မွန်ထရီရာဝမ်ချိုင်ကူးလ်က ရိုက်တာသတင်းဌာနကို ပြောကြားမှုအရ မြန်မာနိုင်ငံရှိ ရတနာနှင့် ဇောတိကသဘာဝဓာတ်ငွေ့မြေများအတွက် စာချုပ်သက်တမ်းတိုးခြင်းကို စဉ်းစားနေကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင် ဇောတိကစီမံကိန်းအတွက် သဘာ၀ဓာတ်ငွေ့ တွင်းအသစ်များ ထပ်မံတူးဖော်ရန် စင်ကာပူနိုင်ငံအခြေစိုက် SED Energy Holdings နှင့် ၂၁ လကြာ တူးဖော်ရေးစာချုပ် ချုပ်ဆို လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သက်တမ်းတိုးမြှင့်လိုသည့် ရည်ရွယ်ချက်မှာ လက်ရှိ ထုတ်လုပ်မှုအဆင့်ကို ထိန်းသိမ်းရန်နှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ထားသော ပမာဏကို တိုးမြှင့်နိုင်ရန်အတွက် တွင်းအသစ်များ တူးဖော်ခြင်းဖြင့် စီမံကိန်း၏ လုပ်ငန်းလည်ပတ် သက်တမ်းကိုရှည်ကြာစေဖို့ရာ ရည်ရွယ်ထားသည်။ ထို့အပြင်မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်ရန်အတွက် စာချုပ်အသစ်များ အမြန်ဆုံး ချုပ်ဆိုရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း€သတင်းဖော်ပြမှုများအရ သိရသည်။
Ref : Upstream
