◼️ လူပေါင်း ၇၀၀ ကျော်ကို လှည့်ဖျားထားသည့် ကျားဖြန့်လိမ်လည်မှုစင်တာကို ဥက္ကဋ္ဌအဖြစ်ကြီးကြပ်ခဲ့သည့်အတွက် မြို့တော်ဝန်ဟောင်း Alice Guo ကို ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းဖြစ်
သတိုး
၂၀. ၁၁. ၂၀၂၅
ဖိလစ်ပိုင်နိုင်ငံတွင် တရုတ်အတွက် သူလျှိုလုပ်သည်ဟု စွပ်စွဲခံထားရသော မြို့တော်ဝန်ဟောင်း အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်ဟု ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် The Telegraph က သတင်းဖော်ပြသည်။
မနီလာမြို့တော်မြောက်ဘက်ရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Alice Guo သည် တရုတ်လူမျိုးများ စီမံခန့်ခွဲသည့် ကျားဖြန့် အွန်လိုင်းလောင်းကစားစင်တာတစ်ခုကို ကြီးကြပ်ခဲ့ခြင်းကြောင့် ပြစ်မှုထင်ရှားခဲ့ပြီး၊ ထိုစင်တာတွင် ရာပေါင်းများစွာသော လူများကို ညှဉ်းပန်းနှိပ်စက်ကာ အတင်းအကျပ် အလုပ်ခိုင်းစေခဲ့သည်။
ဖိလစ်ပိုင်တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည့် ဤအမှုတွင်၊ စုံစမ်းစစ်ဆေးသူများက အသက် ၃၅ နှစ်အရွယ် Guo သည် သူမပြောဆိုခဲ့သည့်အတိုင်း ဖိလစ်ပိုင်နိုင်ငံသား မဟုတ်ဘဲ၊ ဆယ်ကျော်သက်အရွယ်တွင် ပြောင်းရွှေ့လာသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သူမ၏ လက်ဗွေရာများက သူမ၏ အမည်ရင်းမှာ Guo Hua Ping ဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်တွင် မွေးဖွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ချမ်းသာကြွယ်ဝသော တရုတ်စီးပွားရေးသမားအချို့နှင့် ဆက်နွှယ်မှုများရှိကြောင်း တွေ့ရှိခဲ့ရပြီး၊ ထိုသူအချို့သည် ယခုအခါ သူမနှင့်အတူ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
ပြီးခဲ့သည့် မေလက ကြားနာပွဲတစ်ခုတွင် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်များက Guo သည် ဩဇာသုံး၍ဖြစ်စေ၊ ပေကျင်းအတွက် သတင်းအချက်အလက် စုဆောင်း၍ဖြစ်စေ သူလျှိုတစ်ဦး ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် သူမ၏ ဆက်နွှယ်မှု စွပ်စွဲချက်များသည် အမှု၏ အဓိက အစိတ်အပိုင်း ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ယခုအချိန် တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခံထားရသော ကျားဖြန့်ဂိုဏ်းတရားခံ တရုတ်စီးပွားရေးသမား She Zhijiang က သူနှင့် Guo နှစ်ဦးစလုံးသည် တရုတ်နိုင်ငံတော်နှင့် ဆက်နွှယ်မှုများ ရှိသည်ဟု ထွက်ဆိုခဲ့သည်ဟုလည်း သတင်းများက ဖော်ပြသည်။
ဖိလစ်ပိုင်အကြီးတန်းအရာရှိများကလည်း သူမ၏ တရုတ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးသင့်ကြောင်း ပြောကြားခဲ့သော်လည်း Guo ကမူ ငြင်းဆိုထားသည်။
Guo သည် ၂၀၂၂ ခုနှစ်တွင် ဘမ်ဘန်မြို့၏ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသော်လည်း၊ သူမ၏ အုပ်ချုပ်မှုနယ်မြေအတွင်း နိုင်ငံ၏ အကြီးမားဆုံး လိမ်လည်မှုစင်တာများထဲမှ တစ်ခုကို အာဏာပိုင်များက ဖော်ထုတ်တွေ့ရှိပြီးနောက် နှစ်နစ်အကြာတွင် ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည်။
ရုံးခန်းများ၊ ဇိမ်ခံဗီလာများနှင့် ရေကူးကန်များအပါအဝင် အဆောက်အအုံ ၃၆ လုံး ပါဝင်သည့် အဆိုပါ ကြီးမားသော လိမ်လည်မှုစင်တာနှင့် ပတ်သက်၍ Guo က အစပိုင်းတွင် မသိရှိကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်လည်း သူမသည် အဆိုပါမြေပိုင်ဆိုင်သည့် ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။
၂၀၂၄ ခုနှစ် မတ်လတွင် ထိုစင်တာမှ အလုပ်သမားတစ်ဦး ထွက်ပြေးပြီး ရဲတပ်ဖွဲ့ကို ဖုန်းဆက် သတင်းပေးနိုင်ခဲ့ပြီးနောက် ဖိလစ်ပိုင်၊ မလေးရှား၊ ရဝမ်ဒါနှင့် တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို အဆိုပါဝင်းအတွင်း၌ ပိတ်မိနေသည်ကို တွေ့ရှိခဲ့ရသည်။
Guo သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ပျောက်ကွယ်သွားခဲ့ပြီး စက်တင်ဘာလတွင် အင်ဒိုနီးရှား၌ ဖမ်းဆီးကာ ဖိလစ်ပိုင်သို့ လွှဲပြောင်းမပေးမီ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် သူမကို တွေ့ရှိခဲ့ရသည်။ ယခုတွင် သူမ၏ ဖိလစ်ပိုင်နိုင်ငံကူးလက်မှတ်ကိုလည်း ရုပ်သိမ်းခဲ့သလို သူမကလည်း သူမအပေါ် စွဲချက်တင်ထားသည့် စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားသည်။
WRAL ၏ သတင်းဖော်ပြမှုအရမူ မနီလာမြို့တော်ရှိ ပစိဂ်မြို့ဒေသဆိုင်ရာ စစ်ဆေးမှုတရားရုံးက Alice Guo နှင့်အတူ ဖိလစ်ပိုင်နှင့် တရုတ်လူမျိုး ခုနစ်ဦးကို ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး၊ တစ်ဦးလျှင် ပီဆို ၂ သန်း (ဒေါ်လာ ၃၄,၀၀၀) ဒဏ်ငွေပေးဆောင်ရန်နှင့် တိုင်ကြားချက်တင်သွင်းခဲ့သော လူကုန်ကူးခံရသူ အများအပြားကို နစ်နာကြေးပေးဆောင်ရန်လည်း အမိန့်ချမှတ်ခဲ့သည်ဟု ဖော်ပြခဲ့သလို Guo ကမူ သူမအပေါ် စွဲချက်တင်ထားသည့် စွပ်စွဲချက်များအားလုံးကို ငြင်းဆိုခဲ့ပြီး သူမသည် ဖိလစ်ပိုင်နိုင်ငံသားဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရေးသားခဲ့သည်။
လက်ရှိတွင်မူ Guo သည် ငွေကြေးခဝါချမှုဖြင့် စွပ်စွဲခံထားရသည့် အမှုအပါအဝင် နောက်ထပ်အမှု ငါးခုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ပေကျင်းအစိုးရကမူ သူမအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှ၊ အထူးသဖြင့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် အလားတူ တရုတ်ကျားဖြန့် လိမ်လည်မှုစင်တာများ ပေါ်ပေါက်လာခဲ့ရာ နိုင်ငံခြားသားများကို အလုပ်အတုအယောင်များဖြင့် သွေးဆောင်ခေါ်ယူပြီးနောက် ၎င်းတို့၏ ဆန္ဒမပါဘဲ ဖမ်းဆီးချုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်သည့် လိမ်လည်မှုများကို လုပ်ဆောင် ခိုင်းစေလျက်ရှိသည်။
ဖိလစ်ပိုင်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပါအဝင် တရုတ်ကျားဖြန့်ဂိုဏ်းအများစုကို တရုတ်ရာဇဝတ်ဂိုဏ်းများက ဦးစီးလုပ်ကိုင်နေကြပြီး၊ တရုတ်နိုင်ငံသားများကိုလည်း ပစ်မှတ်ထားလေ့ရှိရာ ပေကျင်းအစိုးရအတွက် အမျက်ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။
Ref : The Telegraph & WRAL
