၂၀.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံရှိ တရားရုံးတစ်ရုံးက Miss Grand International 2021 ပြိုင်ပွဲမှာ သရဖူရခဲ့တဲ့ အလှမယ် ဟာ သူမရဲ့ လူမှုမီဒီယာချန်နယ်တွေမှာ ချိုချဉ်သကြားလုံးတွေကို အမျှင်ဓာတ်ကြွယ်ဝတယ်လို့ မှားယွင်းစွာ ကြော်ငြာပြီး ဈေးကွက်မြှင့်တင်ခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နစ်ကို နိုဝင်ဘာလ ၁၉ ရက်က ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တရားသူကြီးတွေက အလှမယ် ငုယင် တပ်တိုင်တန် (Nguyen Thuc Thuy Tien) ဟာ သကြားလုံးမှာ အမျှင်ဓာတ်ပါဝင်မှု သုည ဒသမ ၉၃၅ ရာခိုင်နှုန်းအောက်သာရှိပြီး နည်းပါးတာကို သိရှိလျက်နဲ့ စားသုံးသူတွေကို လှည့်စားပြောကြားခဲ့လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ VnExpress က ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် Miss Grand International ပြိုင်ပွဲမှာ ၂၀၂၁ ခုနှစ်က အလှမယ်သရဖူရခဲ့တဲ့ တပ်တိုင်တန်ဟာ ဗီယက်နမ်ဝန်ကြီးချုပ်ထံမှလည်း အရည်အချင်းပြည့်မီတယ်လို့ အသိအမှတ်ပြု လက်မှတ် ရရှိခဲ့တာပါ။

သူမက လူမှုမီဒီယာမှာ သြဇာလွှမ်းမိုးသူတွေဖြစ်တဲ့ ဖမ်ကွန်လင်းနဲ့ ဟန်ဒူမာ့က် တို့နဲ့အတူ Kera Supergreens Gummies ချိုချဉ်သကြားလုံးကို ဈေးကွက်မြှင့်တင်ကြော်ငြာခဲ့တာဖြစ်ပါတယ်။ တရားရုံးက ဖမ်ကွန်လင်း နဲ့ ဟန်ဒူမာ့က် တို့ နှစ်ဦးစလုံးကိုလည်း ထောင်ဒဏ်နှစ်နစ်စီ ချမှတ်ခဲ့ပါတယ်။
တရားရုံး က “သူတို့ဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး တရားမဝင်အမြတ်အစွန်းများစွာလည်းရရှိခဲ့တာကြောင့် ပြင်းထန်သောပြစ်ဒဏ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်” လို့ တန်နဲ့ သူမရဲ့ တွဲဘက် တရားခံတွေကို ပြောကြားခဲ့တယ်လို့ VnExpress က ဆိုပါတယ်။
တန်နဲ့ တွဲဘက်တရားခံ လူမှုမီဒီယာသြဇာလွှမ်းမိုးသူနှစ်ဦးက Kera Supergreens Gummies ကုမ္ပဏီကို ဖက်စပ်တည်ထောင်ထားတာဖြစ်ပြီး တန်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ တရားရုံးက ပြောခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကဆို တန်က အခြားနှစ်ဦးနဲ့အတူ သူတို့ ကုမ္ပဏီရဲ့ ထုတ်ကုန် ချိုချဉ် သကြားလုံးတစ်ခုက ဟင်းသီးဟင်းရွက်တစ်ပန်းကန်နဲ့ညီမျှတဲ့အာဟာရဓာတ်ရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သကြားလုံး ဖြစ်တယ်လို့ ဈေးကွက် မြှင့်တင်ကြော်ငြာခဲ့တာပါ။
စုံစမ်းစစ်ဆေးသူတွေက ချိုချဉ် သကြားလုံးတွေမှာ ဝမ်းနုတ်ဆေးအာနိသင်ရှိတဲ့ အတုအပ အချိုဓာတ် Sorbitol ၃၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့အပြင် မဖော်ပြသော ဖြည့်စွက်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

တရားရုံးက သကြားလုံး အထုပ်ပေါင်း ၁၂၉,၀၀၀ ကျော်ကို ဒေါ်လာ ၆၅၀,၀၀၀ ကျော်ရရှိဖို့ ဖောက်သည် ၅၆,၀၀၀ ကျော်ထံ ရောင်းချခဲ့ပြီး နောက်မှာတော့ သူတို့သုံးဦးဟာ ဒေါ်လာ ၄၇၃,၀၀၀ အမြတ်ရရှိခဲ့တယ်လို့လည်း တရားရုံးက ပြောခဲ့ပါတယ်။
တန်ဟာ ၂၀၂၁ ခုနှစ်က ဘန်ကောက်မှာကျင်းပတဲ့ Miss Grand International 2021 အလှမယ်ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် ဗီယက်နမ်မှာ လူကြိုက်များလာခဲ့ပြီး ကုန်ပစ္စည်းတံဆိပ်များစွာတို့အတွက် ဈေးကွက် ကြော်ငြာပြုလုပ်ပေးဖို့ ကမ်းလှမ်းသဘောတူညီချက်တွေ ရရှိခဲ့တာပါ။
