၂၀.၁၁.၂၀၂၅
Written by NYL
အိန္ဒိယသံရုံးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစင်တာ(CPR) တို့ပူးပေါင်း၍ “အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ အဓိကလက္ခဏာရပ်များ” အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာတွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ ၂၀ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များမှ ကိုယ်စားလှယ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအပါအဝင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် နယ်ပယ်စုံမှ သက်ဆိုင်သူများ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲ NSPNC အဖွဲ့ဝင် ဗိုလ်ချုပ် စိုးနိုင်ဦး (ငြိမ်း)၊ NSPWC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ CPR ဥက္ကဋ္ဌ ဦးလှမောင်ရွှေနှင့် အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံမှ ပညာရှင် (၃) ဦးက ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကဏ္ဍ(၁)အနေဖြင့် အိန္ဒိယနိုင်ငံ Assam Rifles တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး Pradeep Chan dran Nair က ” Certain practical aspects of federalism in India’s border states, including functioning of border guarding forces ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဏ္ဍ (၂) အနေဖြင့် Asian Confluence ၏ အမှုဆောင်ဒါရိုက်တာ Mr. Sabyasachi Dutta က ” Role and space for regional political parties in India ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကဏ္ဍ (၃) အနေဖြင့် Indian Foundation မှ Distinguished Fellow ဖြစ်သူ Dr. Rami Niranjan Desai က ” Constitutional provisions for promoting diversity while safeguarding unity ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိပြီး ဒီမိုကရေစီ စနစ်များနှင့် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်းများအပေါ် သက်ဆိုင်သူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဟောပြောဆွေးနွေးမှု အစီအစဉ်နှစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်တွင် နေပြည်တော်၌ လည်းကောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နယူးဒေလီမြို့၌ လည်းကောင်းကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ၂၀၂၅ ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ လည်းကောင်း အသီးသီး ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
