၂၀.၁၁.၂၀၂၅
Written By Thandar
ချို့တဲ့နာမကျန်း စာပေသမားများအတွက် ကျန်းမာရေးစရိတ်ထောက်ပံ့မှုရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ မျှတူမျှ အစီအစဉ်နဲ့ ၃ နှစ်လောက် တကယ်ခက်ခဲပြီးတော့ ကျန်းမာရေးမကောင်း ချို့တဲ့ နာမကျန်းတွေကို စရိတ်ထောက်ပံ့ခဲ့တာပါ။ စေတနာရှင် အလှူရှင်တွေ ပေးတဲ့ငွေကြေးတွေနဲ့ လိုက်ပြီး ထောက်ပံ့တာ ရန်ပုံငွေလည်း ကုန်သွားပြီမို့ စာအုပ်တွေထုတ်ပြီး ပွဲလေးလုပ်ဖြစ်တာပါ။ နေရာတစ်စုတစ်စည်းတည်းမှာ အလှူငွေ လက်ခံတဲ့ပွဲပါ။ ကိုယ့်လောကသား အချင်းချင်းတွေရော တကယ်ဆိုရင်တော့ စာပေသမားတင်မဟုတ်ပါဘူး။ အဆိုတော်ကြီးတွေ မပြေလည်တာတွေရှိရင် ကျွန်တော့်အနေနဲ့ ငွေလိုအပ်တာတွေကို ထောက်ပံ့ပေးဖြစ်တာပါ။ဆက်လက် ထောက်ပံ့ချင်ပါတယ်။ လက်ရှိ ကျန်းမာရေးစရိတ်တွေကလည်း နည်းတာမဟုတ်တော့လေ။ ဒီလောကမှာ တစ်သက်လုံးစာပေလောကမှာ ကျင်လည်ခဲ့ပေမယ့် တကယ်လိုအပ်ချိန်မှာ လှူဖြစ်တာပါ”လို့ (ဦး)အောင်သျှံဝိုင်း (ကျိုက်မရော)၊ မျှတူမျှ အတွင်းရေးမှူးက MT Entertainment ကို ပြောပါတယ်။





အဆိုပါ အခမ်းအနားမှာတော့ နှစ်ရှည်လများ စာပေလောကမှာ ကလောင်စွဲကိုင်ခဲ့ကြတဲ့ စာရေးဆရာကြီးတွေနဲ့ စာပေလောကရဲ့ မျိုးဆက်သစ်စာရေးဆရာတွေဖြစ်တဲ့ ဆရာဟိန်းလတ်၊ မောင်သွေးသစ်၊ ဆောင်းဝင်းလတ်၊ နေခြည်နု၊ ကာတွန်း ဝင်းအောင် စတဲ့သူတွေတက်ရောက်ပြီး ဝိုင်းဝန်းကူညီ အားပေးခဲ့ကြပါတယ်။ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ စိန်ဝင်းထွန်း၊ ဟန်ထူးဈာန်၊ မောင်သိန်းဝင်း၊ နန္ဒဧရာ၊ မေခလာ၊ ဝိုင်းလမင်းအောင်၊ အေးပပခိုင်၊ နန်းကြော့ကလျာ၊ အိုပြည့်ရှင်စတဲ့သူတွေက မေတ္တာနဲ့ဖျော်ဖြေခဲ့ကြသလို တယောကိုတင်ငွေ၊ စန္ဒ ရားကိုခင်လှ၊ ကီးဘုတ်ကိုဘိုဘို၊ ဘုံကိုသန်းဝင်း၊ စည်းဝါးပညာရှင် ကိုဖိုးဇော် တို့ကလည်း မေတ္တာနဲ့ ကူညီတီးခတ်ပေးထားကြပါတယ်။ အဆိုတော်ကြီးတွေ၊ လုပ်ငန်းရှင်၊ စေတနာရှင်တွေကလည်း စာပေသမားတွေ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် အလှူငွေတွေပါဝင် လှူဒါန်းခဲ့ပါတယ်။






“အမေ (အညာသူကြီး) ဆုံးတာ ၉ လပြည့်ပါပြီ။ ဒီလအတွက် အလှူလေးကတော့ အသံအလှူလေးပါ။ မျှတူမျှဆိုတဲ့အဖွဲလေးအတွက် ရန်ပုံငွေပေးအပ်တဲ့ပွဲလေးမှာ ပွဲစီစဉ်သူ ဦးအောင်သျှံဝိုင်းရဲ့ဖိတ်ခေါ်မှုနဲ့ ကိုယ် တတ်ကျွမ်းတဲ့ သီချင်းဆိုတာလေးနဲ့ ကူညီအားဖြည့်ပေးဖြစ်ခဲ့တယ်။ ကိုယ့်အတွက်လည်း အမေ့ကို ရည်စူးပြီး အသံလှူဖြစ်ခဲ့အောင် သီဆိုခွင့်ပေးတဲ့အတွက်ဦးလေးအောင်သျှံဝိုင်းကို ကျေးဇူးအထူးတင်ပါတယ်”လို့ အဆိုတော် အိုပြည့်ရှင်က ပြောပါတယ်။
စာရေးဆရာ ဆရာဟိန်းလတ်၊ အောင်သျှံဝိုင်း(ကျိုက်မရော) ကိုလွင်မင်းဦး(စံတော်ချိန်)၊ ကဗျာဆရာ နေခြည်နု(ရေနံချောင်း)၊ ကာတွန်းဆရာ နေမျိုးအေးတို့ ဖွဲ့စည်းထားတဲ့ “မျှတူမျှ”က ချို့တဲ့နာမကျန်းစာပေသမားများ ကျန်းမာရေး ထောက်ပံ့မှုအစီအစဉ်အနေနဲ့ ၃ နှစ်ကျော်ရှိပြီးလည်း ဖြစ်ပါတယ်။
