




၁၉.၁၁.၂၀၂၅
Written By Thandar
ထိုင်ဝမ် (တရုတ်တိုင်ပေ)က အိမ်ရှင်အနေနဲ့ကျင်းပမယ့် “Face Of Beauty International 2025” ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ အလှမယ် ဟန်မေမြတ်ယွန်းက သွားရောက်ယှဉ်ဖို့ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာခဲ့ပါတယ်။
“ ညီမအနေနဲ့ Face Of Beauty International ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာမို့ အရမ်းကို စိတ်လှုပ်ရှားပါတယ်။ မနက်ဖြန်က စပြီးတော့ ပြိုင်ပွဲက စတင်မှာလည်းဖြစ်တယ်။ တခြားနိုင်ငံအသီးသီးက နိုင်ငံ့ကိုယ်စားပြုတွေလည်း လာကြမှာဆိုတော့လေ အရမ်းကိုလည်း ရင်ခုန်နေပါပြီရှင့်။ ညီမအနေနဲ့ ဒီပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ထားပါတယ်။ Catwalk ပိုင်းရော၊ English Speaking ပိုင်းတွေရော၊ Dress တွေရော သေချာလေး ပြင်ဆင်ထားပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတာမို့ ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ဖို့ အားလုံးဝိုင်းဝန်းအားပေးကြဦးလို့ ပြောချင်ပါတယ်”လို့ Face Of Beauty Myanmar 2025 အလှမယ် ဟန်မေမြတ်ယွန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲမှာတော့ နိုင်ငံကိုယ်စားပြု အလှမယ်တွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ အီကွေဒေါ၊ USA ၊ ဂျပန်၊ ဘီလာရုစ်၊ ဖိလစ်ပိုင်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဟာဝိုင်အီ၊ အိန္ဒိယ၊ အီတလီ၊ ကိုရီးယား၊ မလေးရှား၊ မောရစ်သျှ၊ နမီးဘီးယား၊ နယ်သာလန်၊ ရုရှား၊ ဆိုက်ဘေးရီးယား၊ တောင်အာဖရိက စတဲ့နိုင်ငံပေါင်း ၄၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် ဟန်မေမြတ်ယွန်းက ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
“Face Of Beauty International 2025” ပြိုင်ပွဲကြီးက နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ အလှမယ် ဟန်မေမြတ်ယွန်းကတော့ ၂၀၂၃ ခုနှစ်က အကယ်ဒမီ ရွှေကြိုတစ်ယောက်လည်း ဖြစ်ပြီးတော့ Miss Universe Hakha 2023 National Costume Winner ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
