◾️ လက်နက်ကိုင်အဖွဲ့များမှ သယ်ယူရောင်းဝယ် ဖောက်ကားနေသည့် မူယစ်ဆေးဝါးများသည် ကျောင်းသား/ကျောင်းသူများကို ပစ်မှတ်ထားလာ၍ ဖော်ထုတ်ဖမ်းဆီးရန် မှာကြား
◾️ မြဝတီ၊ ရှမ်းမြောက်၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု မရှိစေရေး အလေးအနက်ထား တားဆီးကြပ်မတ်ဆောင်ရွက်နေ
၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်နေသည်ကို အစိုးရက ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြာင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၅/၂၀၂၅) တွင် ပြောကြားသည်။
လက်ရှိကာလတွင် နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေသည့်အတွက် အစိုးရမှ ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံတကာမှ အမှန်အတိုင်းသိရှိနိုင်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယခုအခါ တရားမဝင် ကုန်သွယ်မှုများ ယခင်ကထက် များစွာလျော့နည်း ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအခြေအနေအရ ရနောင်း၊ ကော့သောင်း၊ ရန်ကုန် လမ်းကြောင်းတွင် ကုန်သွယ်မှုကိုလည်း ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ လက်ရှိကာလတွင် မြဝတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု မရှိစေရေး အလေးအနက်ထားပြီး တားဆီးစစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မူးယစ်ဆေးဝါးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ပြင်းထန်စွာ ရိုက်ခတ်စေလျက်ရှိကြောင်း၊ အဓိကအားဖြင့် လုံခြုံရေးအရ တည်ငြိမ်မှုမရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှ သယ်ယူခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ကျောင်းသား/ ကျောင်းသူအရွယ် လူငယ်များအား ပစ်မှတ်ထား သုံးစွဲစေခြင်းတို့ကြောင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများ ပညာရေး မထိခိုက်စေရန်နှင့် လူညွန့်ကျိုးသည့်ကိစ္စများ မဖြစ်ပေါ်စေရေးအတွက် မူယစ်ဆေးဝါးများကို တက်နိုင်သရွေ့ ဖော်ထုတ်ဖမ်းဆီးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် အရေးယူသွားရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
