၁၉. ၁၁. ၂၀၂၅
Written by Hey Mar
ဘုရင့်နောင် ဈေးပွဲရုံအနီး ကွန်တိန်နာကားနဲ့ ဆိုက်ကားတစ်စီး ညအချိန်တိုက်မိရာကဆိုက်ကားနင်းသူ ပြင်းထန် အတွင်းဒဏ်ရာတွေ ရရှိကာ ဆေးရုံအရောက် သေဆုံးသွားတဲ့ဖြစ်စဉ်မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်က ဘုရင့်နောင်ဈေးပွဲရုံဝင်းထဲကိုဝင်ဖို့ ခေါင်းထိုးကွေ့တဲ့ ကွန်တိန်နာကားနဲ့ ပုံမှန်လမ်းကြောအတိုင်းနင်းလာပြီး ကားကြားထဲကနေ ဖြတ်နင်းတဲ့ ဆိုက်ကားတို့ တိုက်မိရာက ဆိုက်ကားနင်းသူမှာ ဦးခေါင်းနောက်စေ့ ပြင်းထန်ဖူးယောင်ဒဏ်ရာရပြီး ဆေးရုံတင်ပို့ကုသမှု ခံယူစဉ် သေဆုံးခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြတ်ကုသိုလ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဆိုက်ကားဆရာက အသက် လေးဆယ်ဝန်းကျင်ပါ။ သူက နှာခေါင်းသွေးထွက်တယ်။ ဦးခေါင်းနောက့်စေ့မှာ ဘုသီးကြီးထွက်သွားတယ်။ ခေါင်းပေါက်ပြီး သွေးထွက်တာဘာညာမရှိဘူး။ ဆေးရုံသယ်သွားချိန်ကတည်းကတော့ သတိမလည်ဘူး” လို့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူကို မြတ်ကုသိုလ်လူမှုကူညီရေးအသင်းက ရှေးဦးသူနာပြုစုလုပ်ကိုင်ပေးပြီး အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
