၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နိုဝင်ဘာလ ၁၈ ရက် (ယမန်နေ့)တွင် ဆက်လက်ကျင်းပရာ ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၄၆) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၂၂၄ တွဲ ရောင်းချရကြောင်း ကြေညာထားသည်။
အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကာ ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဖြစ်သည့် နိုဝင်ဘာလ ၁၉ ရက် (ယနေ့)တွင် ပုလဲအတွဲအမှတ် (၂၄၇) မှ အတွဲအမှတ် (၄၈၉) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကာလအတွင်း ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ စုစုပေါင်းအတွဲ ၁၆၀ နှင့် ပုလဲအတွဲ ၄၈၉ တွဲကို ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲတွင် အသုံးပြုမည့် နိုင်ငံခြားငွေအမျိုးအစားများမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားတို့ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
ပုလဲအတွဲများကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ ကျောက်မျက်အတွဲများ အားလုံးကို နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ အုပ်စု (အေ၊ ဘီ၊ စီ) အဖြစ် သုံးအုပ်စုခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။
