၁၉.၁၁.၂၀၂၅
Translated by Htwe Ko Tun
အခုအခါမှာဆိုရင် လူသား ချစ်သူရည်းစားတွေအကြား တစ်ဦးနဲ့တစ်ဦး နှုတ်ခမ်းချင်းတေ့နမ်းရှုတ်ကြတဲ့ အလေ့အထဟာ တကယ်ဆိုရင် ခုမှ လူသားတွေကစတင်တာမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀ လောက်က မျောက်ဝံကြီးတွေရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အဆင့်အမြင့်ဆုံးနို့တိုက်သတ္တဝါ ပရိုင်းမိတ်တို့ လက်ထက်ကတည်းက စတင်လာခဲ့တာလို့ သိပ္ပံပညာရှင်သုတေသီတို့ရဲ့ နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်တဲ့လေ့လာချက်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ ဖလော်ရီဒါနည်းပညာတက္ကသိုလ်မှ သုတေသီများပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ နှုတ်ခမ်းချင်းတေ့နမ်းရှုတ်ကြတဲ့ အလေ့အထ ဘယ်တုန်းကစတင်ခဲ့လဲဆိုတာ လေ့လာစစ်ဆေးခဲ့ကြတာပါ။ တစ်စတစ်စပြောင်းလဲလာတဲ့ ရှုမြင်မှုတစ်ခုအရတော့ နမ်းရှုတ်မှုအလေ့အထက အသက်ရှင်သန်နိုင်မှုအတွက် အကျိုးကျေးဇူးမရှိဘဲ ရောဂါများ ပျံ့နှံ့စေနိုင်တယ်လို့တောင် ဆိုပါတယ်။
ဒါပေမယ့် လူသားတွေ၊ မျောက်ဝံတွေ၊ ချင်ပန်ဇီအပုမျိုးဖြစ်တဲ့ ဘိုနိုဘိုတွေ၊ အော်ရန်အူတန် လူဝံမျိုးတွေနဲ့ ဂေါ်ရီလာတွေအားလုံးဟာ အနမ်းချင်းဖလှယ်တဲ့အလေ့အထရှိကြပြီး ဒီအလေ့အထကို သူတို့ရဲ့ဘိုးဘေးတစ်ဦးထံမှ အမွေဆက်ခံလာတာလို့ အခိုင်အမာဆိုပါတယ်။
ဒါ့အပြင် လေ့လာမှုမှာ သိပ္ပံပညာရှင်တွေက မျောက်ဝံတို့ရဲ့အပြုအမူကို လေ့လာတွေ့ရှိချက်တွေနဲ့ ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်ဆိုင်ရာ ဆက်နွှယ်မှု အချက်အလက်တွေကို ပေါင်းစပ်ပြီး အတိတ်ကာလက ဘယ်အချိန်မှာ နမ်းရှုတ်မှုအလေ့အထကို စခဲ့ကြသလဲ ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။
“ဒီအချက်အလက်နှစ်ခုက အဓိကအပိုင်းတွေကို အသုံးပြုပြီး ကျွန်တော်တို့က မတူညီတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာ အခြေအနေတွေကို နှိုးဆွပေးရာရောက်မယ့် စံရုပ်လုံးပုံစံဖော်ပြီး ချဉ်းကပ်မှုကို အသုံးပြုခဲ့တယ်”လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ဇီဝဗေဒဌာနမှ ဦးဆောင်ဖန်တီးသူ ဒေါက်တာ မာတေးလ်ဒါ ဘရင်ဒယ်လ်က ပြောကြားခဲ့ပါတယ်။
နမ်းရှုတ်မှုအပေါ် သိပ္ပံပညာရှင်တွေက အချစ်ရေးမဟုတ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ “ရန်လိုခြင်း မရှိတဲ့၊ အစားအစာလွှဲပြောင်းတာမပါဝင်တဲ့ ပါးစပ်ချင်းထိတွေ့မှု” လို့ ဆိုပြန်ပါတယ်။
ဒီမှာ လိင်ပိုင်းဆိုင်ရာ အနမ်းတွေအပြင် မိသားစုဝင်တွေအကြား နမ်းရှုတ်တာ ဒါမှမဟုတ် ခင်မင်ရင်းနှီးစွာ နမ်းရှုတ်နှုတ်ဆက်တာတို့လို တဏှာကင်းတဲ့ ၅၂၈ မေတ္တာအနမ်းတွေ ပါဝင်ပါတယ်။ နမ်းရှုတ်မှု အလေ့အထ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကတော့ အငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဘာလို့ အခုတိုင် ဆက်လက်တည်ရှိနေရတယ်ဆိုတာကိုလည်း ငြင်းခုန်နေဆဲဖြစ်ပါတယ်။
ဒါ့ပြင်ဘရစ်ဒယ်လ်က “တချို့လူတွေကတော့ လိင်ပိုင်းဆိုင်ရာ နမ်းရှုတ်မှုက အိမ်ထောင်ဖက်ရဲ့ အရည်အသွေး ဒါမှမဟုတ် သင့်လျော်မှုကို အကဲဖြတ်ဖို့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလို့ အကြံပြုကြပါတယ်”လို့ ဆိုခဲ့ပါတယ်။
လေ့လာမှုက မျိုးတုံးသွားပြီဖြစ်တဲ့ နီယန်ဒါသယ်လ် (Neanderthals)ခေါ်တဲ့ ပေါရာဏ မနုဿမျိုးစိတ်တစ်မျိုးနဲ့ ခေတ်သစ်လူသားတို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၄၅၀,၀၀၀ မှ ၇၅၀,၀၀၀ အတွင်း တံတွေးချင်းဖလှယ်ခဲ့ကြတဲ့ လက္ခဏာတစ်ရပ်အရ သူတို့ဟာ မျိုးစပ်ပြီး ပါးစပ်မှတစ်ဆင့် အဏုဇီဝ ပိုးမွှားတစ်မျိုးကို မျှဝေခဲ့တယ်ဆိုတဲ့ အထောက်အထားပဲဆိုတာကိုတော့ ငြင်းဆိုခဲ့ပါတယ်။
Ref : CNA
