Photo- Myanmar Education guide
၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ကျောင်းများ ကျောင်းအပ်လက်ခံရာတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း အထောက်အထားပြသရန် ညွှန်ကြားထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းများအားလုံး နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်၍ နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ယခု နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနိုင်ကြောင်း UEC က ထုတ်ပြန်ထားပြီးဖြစ်သည်။
ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် အချို့သောတက္ကသိုလ်များတွင် ကျောင်းအပ်လက်ခံရာတွင် ကြိုတင်မဲပေးထားကြောင်း အထောက်အထားပြသရမည်ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာမှုများကြောင့် အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး မှန်ကန်မှုရှိ/မရှိ မီဒီယာများက မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ဖြေကြားချက်အပြည့်အစုံမှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ (၁၇-၁၁-၂၀၂၅) ရက်နေ့မှ (၂၁-၁၁-၂၀၂၅) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် သတ်မှတ်ချိန်အတွင်း ကြိုတင်မဲပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မဲပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောင်းအပ်လက်ခံရာတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း အထောက်အထားပြသဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားခြင်းမရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။




