၁၉. ၁၁. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံသား အမျိုးသမီးငါးဦးသည် အလုပ်အကိုင်အတုများဖြင့် ၎င်းတို့၏ နိုင်ငံတူ မြန်မာနိုင်ငံသားအချင်းချင်းကို လှည့်ဖြားခဲ့မှုအတွက် မလေးရှားတရားရုံးချုပ်တွင် ပြစ်မှုဝန်ခံခဲ့ကြပြီးနောက် ယနေ့တွင် ပြစ်ဒဏ်စီရင်ခံခဲ့ကြရသည်ဟု The Star သတင်းဌာနက ယနေ့ ဖော်ပြသည်။
အဆိုပါ ကျုးလွန်သူ မြန်မာအမျိုးသမီးများမှာ ရန်ရုံလီ (၂၉ နှစ်)၊ သီသီလွင် (၂၉ နှစ်)၊ လုံရှုး (၂၃ နှစ်)၊ ရွှေနန္ဒာကျော် (၂၅ နှစ်) နှင့် အိန္ဒြေဖြိုး (၂၁ နှစ်) တို့ဖြစ်သည်။
၎င်းတို့သည် အွန်လိုင်းမှတစ်ဆင့် မရှိသောအလုပ်အကိုင်များကို ကမ်းလှမ်းကာ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။
၎င်းတို့အားလုံးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် Gelang Patah ရှိ Forest City မှ ကွန်ဒိုမီနီယမ်တစ်ခု၌ မတရားသောအမှုကို ရာဇဝတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။
အမှုအချက်အလက်များအရ ရဲများက အဆိုပါအမျိုးသမီးများနှင့် သားကောင်များအကြား အမည်အတုနှင့် ပရိုဖိုင်ဓာတ်ပုံများကို အသုံးပြု၍ WhatsApp မှ ဆက်သွယ်မှုများကို တွေ့ရှိခဲ့သည်။ စွဲချက်၊ အမှုအချက်အလက်များနှင့် သက်သေခံပစ္စည်းများကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၉ ရက်) တွင် ၎င်းတို့ပြစ်မှုမဝန်ခံမီ မန်ဒရင်းဘာသာဖြင့် ဖတ်ကြားပြသခဲ့သည်။
ယင်းတို့၏ ကျူးလွန်မှုများအတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၀ (ခ) (၂) အရ ထောင်ဒဏ် ခြောက်လအထိ၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။ ရာဇဝတ်တရားသူကြီး Nabilah က တရားခံများဖြစ်သော မြန်မာအမျိုးသမီးငါးဦးကို တစ်ဦးလျှင် ရင်းဂစ် ၅,၀၀၀ ဒဏ်ငွေပေးဆောင်ရန်နှင့် ငွေဒဏ်မပေးဆောင်နိုင်ပါက ထောင်ဒဏ်ငါးလ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
Ref : The Star
