၁၉.၁၁.၂၀၂၅
Written by Hey Mar
ပဲခူး -နေပြည်တော် ပြေးဆွဲနေတဲ့ မီနီဘတ်စ်တစ်စီးက ယာဉ်နောက်မှာရှိနေတဲ့ သက်ကြီးပိုင်းအဘိုးအိုတစ်ဦးကို ယာဉ်နောက်ဆုတ်ချိန် မတော်တဆတိုက်မိခဲ့တာကြောင့် အဘိုးအိုမှာ ခြေထောက်နှစ်လုံး ထိခိုက်ဒဏ်ရာ ဆိုးရွားစွာရရှိခဲ့တာကြောင့် ပဲခူးဆေးရုံကြီးမှာ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့က တက်ရောက်ကုသမှုခံယူနေရတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းသားတချို့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က မနေ့က နိုဝင်ဘာ ၁၈ ရက်၊ နေ့လယ် ၃ နာရီ မိနစ်၃၀ ခန့်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အထွက် ကလိ ကားရပ်နားဝင်းသစ်အထွက်နားမှာ အဆိုပါသက်ကြီးပိုင်း အဘိုးအိုကို မီနီဘတ်စ်က တိုက်မိခဲ့တာဖြစ်ပြီး အဘိုးနာမည်က ဦးသန်းဌေး၊ အသက် ၇၀ နှစ်၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့ကလို့ သိရကာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ မိသားစုနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ပြီလို့ သိရပါတယ်။
ပဲခူးမှ လူမှုကူညီရေးအသင်းသားတစ်ဦးက “အဘိုးက ဘယ်ခြေထောက်ကတော့ အရိုးကျိုးကြေသွားတယ်။ နောက်တစ်ဖက်က ခြေဖျားထိသွားတာ။ ကျိုးကြေသွားတာပဲ။ ယာဉ်မှုစစ်တွေက တိုက်တဲ့ ယာဉ်မောင်းကိုလည်း ထိန်းသိမ်းစစ်ဆေးနေတယ်။ အဘိုးအတွက်လျော်ကြေးတွေ ဘာတွေတော့ မသိဘူးပေါ့နော်။ ယာဉ်လိုင်းဘက်ကတော့ အဘိုးလက်ရှိဆေးကုသမှု ခံယူနိုင်ဖို့ စီစဉ်ပေးနေတယ်တဲ့” လို့ MT News ကို ပြောပါတယ်။
