၁၉.၁၁ ၂၀၂၅
Written by Thiri
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (MoU) လုပ်သားတစ်ဦး လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပွားပြီး ဘယ်ဘက်လက် ဆုံးရှုံးခဲ့ရပေမယ့် လုပ်ငန်းရှင်ဘက်က တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အတွက် ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ WAG အလုပ်သမား မဟာမိတ်အဖွဲ့က သက်ဆိုင်ရာဌာနတွေဆီ တိုင်ကြားနိုင်ဖို့ လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပုံက ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချွန်ပူလီမြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာ (MoU) ကိုင်ဆောင်ထားသူ အလုပ်သမား ကိုစိန်လင်းက အဆိုပါစက်ရုံမှာ အလုပ်လုပ်ကိုင်နေတာ လုပ်သက် နှစ်နစ်ကျော်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က အလုပ်လုပ်နေစဉ် သံမူလီလိုင်းဖော်တဲ့စက်ထဲ အင်္ကျီစဝင်သွားခဲ့ရာက ဘယ်ဘယ်လက် တံတောင်ဆစ်အောက်ထိ စက်ထဲညှပ်ပါသွားခဲ့ရာမှာ ဘယ်ဘက်လက် တံတောင်ဆစ်အောက်ခြေအထိဖြတ်တောက် ကုသမှုခံယူခဲ့ရပြီး ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို ထိခိုက်ဆုံးရှုံးခဲ့ရလို့ ဆေးကုသမှု တစ်လနီးပါးခန့် ခံယူခဲ့ရပြီးနောက် သူဌေးဖြစ်သူက ကိုစိန်လင်းကို ဆေးကုသခွင့်ရက်အတွက် ၁၄ ရက်စာကိုသာ လုပ်အားခပေးပြီး ဆုံးရှုံးနစ်နာမှုအပေါ် ရသင့်ရထိုက်တဲ့ နစ်နာကြေးကို တာဝန်မယူပေးတာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ ကူညီပေးဖို့ အလုပ်သမားက တောင်းဆိုလာလို့ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြို့နယ်ကျဟာငန်ရုံး (အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးတဲ့ရုံး)ကို တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားနဲ့အတူ သွားရောက်တိုင်ကြားတဲ့အခါမှာ ကျဟာငန်ရုံးမှ မြို့နယ် ပကန်စန်ခွန်ရုံး(လူမှုဖူလုံရေး)၊ မြို့နယ်ဆဝါဒီကန်ရုံး(အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး) စတဲ့ မြို့နယ်ရုံးအစုံမှ တာဝန်ရှိသူတွေနဲ့အတူ အဆိုပါလုပ်ငန်းရှင်သူဌေးကို ကျဟာငန်ရုံးဆီ တာဝန်ရှိသူတွေက ဆင့်ခေါ်ခဲ့ပြီး ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။
ညှိနှိုင်းမှုအတွင်း သူဌေးဘက်က ပကန်စန်ခွန် (လူမှုဖူလုံရေး) ဥပဒေအတိုင်း နစ်နာကြေးရရှိရန်အတွက် ဒဏ်ငွေဆောင်ပေးပြီး နစ်နာကြေးရရှိဖို့ ဆောင်ရွက်ပေးသွားမယ်လို့ မြို့နယ်ရုံးချုပ်အသီးသီးရှေ့မှာ WAG အဖွဲ့သားတွေရဲ့ လိုက်ပါဆောင်ရွက်ပေးမှုနဲ့အတူ နစ်နာသူ ကိုစိန်လင်းအတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက “MoU လုပ်သားတွေအရေး လိုက်ပါဆောင်ရွက်ပေးရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေက မြန်မာပြည်က ထွက်လာပြီး စာရွက်စာတမ်းထဲမှာပါတဲ့ အလုပ်လုပ်ရမယ့်နေရာက တစ်နေရာ၊ တကယ့်မြေပြင်မှာ အလုပ်လုပ်ရတာက တစ်နေရာ ဖြစ်နေတတ်တယ်။ အဓိက က အေးဂျင့်တွေက ဖြစ်တာ။ ဥပမာ ဘန်ကောက်မြို့ပေါ်က အဲကွန်းစက်ရုံလို့ ဆိုပြီး ခေါ်လိုက်ပေမယ့် တကယ့်မြေပြင်မှာ အဲ့ဒီစက်ရုံမှာ အလုပ်က မလိုတာလည်းဖြစ်နိုင်တယ်။ မရဘူး။ အဲ့ဒီအခါ တခြားခရိုင်တွေ မြို့တွေက အလုပ်တွေ လိုက်လုပ်ရတယ်။ ပြဿနာတွေဖြစ်လာတော့ ဥပဒေကြောင်းအရ အလုပ်တွေ ရှုပ်ကုန်တာပေါ့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပေးပါတယ်။
MoU နဲ့ လာရင် ကိုယ်လုပ်ရမယ့် မြို့နယ်နဲ့ အလုပ်ရုံကို သေချာမှတ်သားစုံစမ်းလာပြီး၊ အကယ်၍ ထိုင်းကိုရောက်မှ ပြောင်းလဲ လုပ်ကိုင်ရတယ်ဆိုရင်လည်း ကိုယ့်ရဲ့အေးဂျင့်ဆီမှာ တစ်ခါတည်း လိပ်စာပြောင်းလဲပေးဖို့ကို တောင်းဆိုရမယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်ထားမှသာ အရေးကြုံလာပါက ဥပဒေအကြောင်းအရ လွယ်လွယ်ကူကူဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့လည်း WAG အဖွဲ့ထံကနေ သိရပါတယ်။
