၁၈.၁၁.၂၀၂၅
Written by NYL
မြန်မာနိုင်ငံသည် စားနပ်ရိက္ခာမလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အာဟာရပြည့်၀မှုအခြေအနေ လျင်မြန်စွာ ဆုတ်ယုတ်လာနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar ၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားသည်။
၂၀၂၅ နိုဝင်ဘာ ၁၁ ရက်နေ့တွင် FAO (Food and Agriculture Organization) နှင့် WFP (World Food Programme) တို့ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် Hunger Hotspot အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာမလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး”နေရာ ၆ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာအရ အသက်ငါးနှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် စုစုပေါင်း ၄၁၀,၀၀၀ ခန့်သည် သည် ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ် မေလအတွင်း ပြင်းထန် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ကာလရှည်အာဟာရပံ့ပိုးမှုနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ကုန်ဆုံးရန် နှစ်လခန့်ပင် မကျန်တော့သည့်အချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ၁၅ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိထားကြောင်း ၎င်းအစီရင်ခံစာက ဆိုသည်။
ထိုအခြေအနေသည် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှုဖြစ်ကာ လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရေးအတွက် အလွန် ခက်ခဲစေကြောင်း ဆက်လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ဆင့်ကဲ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆သန်းရှိမည်ဟု ခန့်မှန်းထားပြီး အောက်တိုဘာနှင့် နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲများကြောင့် မိသားစုများစွာသည် ၎င်းတို့ နေအိမ်များကို စွန့်ခွာခဲ့ကြရကာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုများပြားလာခဲ့သည်ဟု UNOCHA Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
