၁၈. ၁၁. ၂၀၂၅
Translated by Thettant
မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ကရင်နယ်ခြားစောင့်တပ် BGF က မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ အခြေစိုက် လည်ပတ်ရာနေရာသို့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာက တရုတ်နိုင်ငံသားအများစုပါဝင်သော နိုင်ငံခြားသား ၃၄၆ ဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့သည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်၏ The Reporters သတင်းဌာနသို့ အတည်ပြု ပြောကြားချက်အရ သိရသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည့် ကျားဖြန့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်စီးနင်းစဥ် အထပ်တိုင်းကို အခန်းများဖြင့် ပိုင်းခြားထားသည်ကို တွေ့ရသည်။ အခန်းတစ်ခန်းစီတွင် ကွန်ပျူတာနှင့် စားပွဲ ၃၀ မှ ၅၀ ခန့်ရှိပြီး နိုင်ငံခြားသားများ အလုပ်လုပ်နေကြသည်။ ၎င်းတို့သည် စားပွဲအောက်တွင် ပုန်းအောင်းနေခဲ့ကြပြီး ခုခံမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အခန်းများအတွင်း၌လည်း လက်ကိုင်ဖုန်း ရာနှင့်ချီ၍ စနစ်တကျ ခွဲခြားထားရှိသည်ကို တွေ့ရပြီး လျှပ်စစ်ကြိုးများနှင့် အခြား အီလက်ထရွန်းနစ်ပစ္စည်း ကိရိယာများကိုလည်း တွေ့ရှိရသည်။

ဤစစ်ဆင်ရေးသည် BGF က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အပြီးပြတ် နှိမ်နင်းခြင်းဖြစ်ကြောင်း ပြောကြားချက်နှင့် မြန်မာအစိုးရ၏ နိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများကို ရှင်းလင်းတိုက်ဖျက်ရန် ရှေ့ဆက်လုပ်ဆောင်မည့် ဦးတည်ချက်နှင့်အညီ ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သူ ၃၄၆ ဦးကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ၎င်းတို့၏ မိခင်နိုင်ငံသို့ လိုအပ်သလို စစ်ဆေးအရေးယူနိုင်ရေး ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း သိရသည်။

Ref : The Reporters
