၁၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရ့မ့်ပ်က သူ့အနေနဲ့ အငြင်းပွားမှုဖြစ်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ဆန္ဒရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလိုတယ်လို့ နိုဝင်ဘာလ ၁၇ ရက်မှာပြောကြားခဲ့ပါတယ်။ ဒါပေမယ်လည်း သူ့အနေနဲ့ ဗင်နီဇွဲလားကို အမေရိကန်တပ်ဖွဲ့ဝင်တွေ ပေးပို့မယ့်ကိစ္စကို ထည့်မစဉ်းစားတာမျိုးတော့ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ထရမ့်ပ်က ဒီလိုပြောကြားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုကလည်း သူ့အနေနဲ့ ထရမ့်ပ်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးလိုပါတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က အိမ်ဖြူတော်၊ အမေရိကန်သမ္မတရုံးမှာ “တစ်ချိန်ချိန်မှာတော့ ကျွန်တော် သူနဲ့ စကားပြောမှာပါ” လို့ သတင်းထောက်တွေကိုလည်း နိုဝင်ဘာလ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက်တွေရဲ့ အမေရိကန်စစ်တပ်ကို ဗင်နီဇွဲလားကို စေလွှတ်မှာလားဆိုတဲ့မေးခွန်းကိုတော့ ထရမ့်ပ်က “မဟုတ်ဘူး။ ကျွန်တော် ဒီလိုစေလွှတ်ဖို့ ငြင်းဆိုတာ မဟုတ်ဘူး။ ဘာကိုမှ ထည့်မစဉ်းစားဘဲထားမှာ မဟုတ်ဘူး” လို့ ဖြေခဲ့ပါတယ်။

“ကျွန်တော်တို့ ဗင်နီဇွဲလားကို ဂရုစိုက်ရမယ်။ သူတို့ရဲ့ ထောင်တွေကနေ ကျွန်တော်တို့နိုင်ငံထဲကို လူထောင်ပေါင်းများစွာကို နှင်ထုတ်ခဲ့ကြတယ်။” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ကာရစ်ဘီယံ ပင်လယ်အတွင်း အမေရိကန်ရဲ့စစ်ရေးအင်အားတည်ဆောက်မှုတွေနဲ့ အတူ အမေရိကန်-ဗင်နီဇွဲလား တင်းမာမှုတွေကလည်း ပိုမိုမြင့်တက်လာနေတာပါ။
ထရမ့်ပ်က ဒီလိုပြောကြားပြီး နာရီအနည်းငယ်အကြာမှာပဲ မာဒူရိုက သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြား အစီအစဉ်ကို ပြောကြားရာမှာ သူ့အနေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ တုံ့ပြန်ပြောကြားခဲ့တာပါပဲ။ မာဒူရိုက”ဒီနိုင်ငံဟာ ငြိမ်းချမ်းစွာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနဲ့ စကားပြောချင်တဲ့ ဘယ်သူမဆို ပြဿနာမရှိဘဲ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ထရမ့်ပ်အစိုးရက ဗင်နီဇွဲလားနဲ့ မက္ကဆီကိုအပါအဝင် လက်တင် အမေရိကနိုင်ငံတချို့မှာအခြေစိုက်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကို တိုက်ဖျက်ဖို့ အကြောင်းပြချက်နဲ့ ကာရစ်ဘီယံပင်လယ်မှာ အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုကို တိုးမြှင့်ခဲ့ပါတယ်။ ဒီ့နောက် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုလို့ စွပ်စွဲကာ ဗင်နီဇွဲလားစက်လှေတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်တာမှာ သေဆုံးမှုများစွာ ဖြစ်ပွားခဲ့တယ် ဆိုပါတယ်။
AFP သတင်းဌာနရဲ့လူသိရှင်ကြားထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စက်တင်ဘာလကစလို့ အမေရိကန်တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်တယ်လို့ စွပ်စွဲကာ စက်လှေတွေကို လေကြောင်း တိုက်ခိုက်မှုတွေပြုခဲ့ရာမှာ အနည်းဆုံး လူ ၈၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ပစ်မှတ်ထားတိုက်ခိုက်ခံရသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုသမားများဖြစ်တယ်လို့ စွပ်စွဲချက်အတွက် အမေရိကန်က အထောက်အထားတစ်စုံတစ်ရာ မပေးခဲ့ပါဘူး။အမရိကန်အစိုးရက မာဒူရို ကိုလည်း အကြမ်းဖက်မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
စွပ်စွဲချက်ကို မာဒူရိုကလည်း ငြင်းဆိုခဲ့ပြီး တစ်ချိန်တည်းမှာ ကာရစ်ဘီယံပင်လယ်မှာ အမေရိကန် စစ်တပ်တည်ဆောက်မှုဟာ သူ့ကို အာဏာရထားတာကို ဖြုတ်ချဖို့ ရည်ရွယ်တယ်လို့ အကြိမ်ကြိမ်စွပ်စွဲခဲ့ပါတယ်။
Ref : DW News
