နေမိုး
၁၈. ၁၁. ၂၀၂၅
မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်စီးပွားရေးဇုန်ရှိ ကျားဖြန့်ဂိုဏ်းများကို အပြီးပြတ်ရှင်းလင်းမည်ဟု ကရင်နယ်ခြားစောင့်တပ် BGF က ကြေညာပြီးနောက် ရွှေကုက္ကိုလ်တွင် အခြေစိုက်လိမ်လည်နေသော နိုင်ငံခြားသား အများအပြားသည် မဲဆောက်မြို့၊ တာ့ခ်ခရိုင်၊ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်ရှိ သောင်ရင်းမြစ်ကမ်းနားတွင် လာရောက် စောင့်ကြည့်နေကြောင်း တွေ့ရှိရသည်။

အငှားယာဉ်စီးနင်းရာနေရာတွင် တရုတ်လူမျိုးများနှင့် ဆင်တူသော ဝတ်စားဆင်ယင်သူအချို့သည် ခရီးဆောင်အိတ်များနှင့် ပစ္စည်းများကို အသင့်ယူဆောင်ကာ ကားဖြင့် ထွက်ခွာရန် စောင့်ဆိုင်းနေကြသည်။ မြို့နယ်အတွင်းနှင့် နယ်စပ်တစ်လျှောက်တွင်မူ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် ကင်းလှည့်ခြင်းနှင့် ဧရိယာအတွင်း မော်တော်ယာဉ်များ မောင်းနှင်သွားလာနေသည်ကို တွေ့ရသည်။
BGF က ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်ဂိုဏ်း ခေါ် အွန်လိုင်းမှ လိမ်လည်သူများကို အပြီးပြတ် နှိမ်နင်းရှင်းလင်းမည်ဟု ယမန်နေ့က ကြေညာပြီးနောက် ထိုနေ့ညတွင်ပင် တရုတ်လူမျိုးများ ထိတ်လန့်ကာ ပစ္စည်းများ သိမ်းဆည်းထွက်ခွာခဲ့ကြသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် သောင်ရင်းမြစ်ကမ်းနားရှိ မှောင်ခိုလမ်းကြောင်းများတွင် ရွှေကုက္ကိုလ်မှ လူအချို့သည် ထိုင်းနိုင်ငံဘက်သို့ ကူးရန် ပစ္စည်းများစုဆောင်းကာ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသော်လည်း ဖြတ်ကျော်ခွင့်မရဘဲ ရှိနေသည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ အထူးတပ်ဖွဲ့ (ရာဇမနူ) တပ်ဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာမှုများ မဖြစ်ပွားစေရန်အတွက် ကင်းလှည့်ခြင်းနှင့် နယ်စပ်ဂိတ်များတွင် လုံခြုံရေးအင်အား တင်းကြပ်စွာ ချထားကာ စောင့်ကြည့်လျက်ရှိသည်။

ယခု နှိမ်နင်းမှုနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များသည် KK Park တွင် နှိမ်နင်းမှုဖြစ်ပွားစဉ်ကကဲ့သို့ ထိုင်းနိုင်ငံဘက်သို့ ပျားအုံပမာ အစုလိုက်အပြုံလိုက် ထွက်ပြေးလာမှုများ မဖြစ်စေရန် စောင့်ကြည့်နေသည်။ ထိုင်းအာဏာပိုင်များသည် နိုင်ငံခြားသားများ၏ နိုင်ငံသားအချက်အလက်နှင့် အရေအတွက်များကို စုဆောင်းကာ ထိုင်းဘက်သို့ ပေးပို့နိုင်ရန် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သက်ဆိုင်ရာ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သံတမန်လမ်းကြောင်းကို အသုံးပြုမည်ဖြစ်ပြီး သောင်ရင်းမြစ်ပေါ်ရှိ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို အသုံးပြု၍ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : AEC News
