၁၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ၁၀ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဒုတိယဝန်ကြီးများ၊ အကောင်အထည်ဖော်မည့်ဌာနများမှ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ သံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma၊ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်မှတ်ရေးထိုးခဲ့သည့် MoU ၁၀ ခုတို့မှာ မှတ်တမ်းမော်ကွန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းခြင်း မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များ ထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အနုပညာလက်ရာများ အစားထိုးရေးဆွဲခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ပါဝင်သည်။
ထို့အတူ မြန်မာနိုင်ငံ နို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရှိ သမဝါယမအသင်းသား တောင်သူများထံသို့ မှတ်ပုံတင်ထားပြီး အရည်အသွေးမြင့်မားသော ဝါနှင့်မတ်ပဲမျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူးကော်တင်စက်(အသေး) တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျက်စစ်ဆေးသော စမ်းသပ်ကိရိယာများ ဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
အလားတူ Offline အင်္ဂလိပ်ဘာသာစကားသင်တန်း တည်ထောင်ဖွင့်လှစ်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းဝါနှင့် မတ်ပဲမျိုးများ ရရှိရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဆိုလာစွမ်းအင်သုံး ရေတင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါနားလည်မှု စာချွန်လွှာများကို အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၄၈၉,၇၃၅ ရှိကြောင်း သိရသည်။
စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး ပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တတိယနှစ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်သည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက်ငါးခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခု၊ ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံချက်များကို ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
