၁၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံ၊ ယာမာဂူချီစီရင်စုရှိ အီဝါကူနီမြို့ကို ဒေသတွင်းအမေရိကန် စစ်အခြေစိုက်စခန်းမှာဖြန့်ချထားတဲ့ တိုင်ဖွန် တာလတ်ပစ်ဒုံးကျည်စနစ်ကို ရုပ်သိမ်းလိုက်ပြီဖြစ်တယ်ဆိုတာ နိုဝင်ဘာလ ၁၇ ရက်မှာ ဒေသအာဏာပိုင်တွေဆီကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်စစ်တပ်တို့ဟာ စက်တင်ဘာ ၁၁ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ ကျူရှူးနဲ့ အခြားဒေသတွေမှာ ကြီးမားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်တပ်က ဂျပန်နိုင်ငံမှာ တိုင်ဖွန် ဒုံးကျည်စနစ်ကို ပထမဆုံးအကြိမ်အဖြစ် ဖြန့်ကျက်ချထားခဲ့တာလည်းဖြစ်ပါတယ်။
အီဝါကူနီမြို့မှ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Kyodo News က သတင်းဖော်ပြခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်ခန်းပြီးဆုံးပြီး တစ်ပတ်ခန့်အကြာမှာ ထိုဒုံးကျည်စနစ်ကို ပြန်လည်ဖယ်ရှားပေးမယ်လို့ အရင်က ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဟီရိုရှီးမားနဲ့ ယာမာဂူချီစီရင်စုတွေက အရပ်ဘက်အဖွဲ့တွေက စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြ အယောင်ဆောင်ပြီး ဒုံးပျံစနစ်ယာယီဖြန့်ကျက်မှုဟာ အမြဲတမ်းဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ အီဝါကူနီမှာ ဖြန့်ကျက်ချထားတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုင်ဖွန် ဒုံးကျည်စနစ်ကိုရုပ်သိမ်းဖို့ ဂျပန်အစိုးရကို တိုက်တွန်းတဲ့ အသနားခံစာတစ်စောင် နိုဝင်ဘာလ ၁၀ ရက်မှာ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ထိုင်ဝမ်ရေလက်ကြားအရေးပေါ်အခြေအနေမှာ ဂျပန်နိုင်ငံအနေနဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Sanae Takaichi ရဲ့ မှတ်ချက်ကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေးအငြင်းပွားမှု လျင်မြန်စွာ မြင့်တက်လာကာ နှစ်ဖက်အပြန်အလှန် သတိပေးမှုနဲ့ဖျက်သိမ်းမှုတွေ ဖြစ်ခဲ့ရချိန်မှာပဲ ခုလို အမေရိကန်စစ်တပ်ရဲ့ တိုင်ဖွန်ဒုံးပျံစနစ်ကိုပြန်လည်ရုပ်သိမ်းတဲ့ သတင်းက ထွက်ပေါ်လာခဲ့တာပါပဲ။
အမေရိကန်စစ်တပ်ရဲ့ တာလတ်ပစ် တိုင်ဖွန် ဒုံးပျံစနစ်က အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Resolute Dragon 2025” အတွက် စက်တင်ဘာလကတည်းက ယာမာဂူချီစီရင်စုရှိ အီဝါကူနီအခြေစိုက်စခန်းမှာ ဖြန့်ကျက်ချထားခဲ့ပါတယ်။
အဆိုပါ တာလတ်ပစ် တိုင်ဖွန် ဒုံးကျည်စနစ်တွေက တိုမာဟော့ခ် မြေပြင်တိုက်ခိုက်ရေး ခရုစ်ဇ်ဒုံးကျည်တွေနဲ့ SM-6 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကို ကီလိုမီတာ ၁,၈၀၀ (၁,၁၁၈ မိုင်) အကွာအဝေးအထိ ပစ်လွှတ်နိုင်ပါတယ်။ ဂျပန်မှ ပစ်လွှတ်ရင် ပေဂျင်း၊ ရှန်ဟိုင်းမြို့ကြီးတွေနဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ လူဦးရေအများဆုံးပြည်နယ်တွေကို ရောက်ရှိနိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရဟာ တရုတ်တိုင်ဝမ်ကို လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းရမယ့် တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ ဂျပန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံအများစုကတော့ တရုတ်တိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်မပြုကြပေမယ့် တရုတ်အစိုးရ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အင်အားသုံး၍ သိမ်းပိုက်ဖို့ ကြိုးပမ်းမှုကိုတော့ ကန့်ကွက်ကြပါတယ်။
Ref -Xinhua, SCMP
