◾️ ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံပြန်လည်စုစည်းတည်ဆောက်ရေးတို့ကို အဓိကဦးစားပေးဆောင်ရွက်မည်ဟု ပြောကြား
၁၈.၁၁.၂၀၂၅
Written by Nay Yang Lin
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် MRTV ကထုတ်လွှင့်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၏ ဟောပြောချက်အစီအစဉ်တွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲသည် သာမန်အခြေအနေတွင် ကျင်းပရသည့်ရွေးကောက်ပွဲများနှင့် မတူဘဲ သာမန်ရွေးကောက်ပွဲများထက် အရေးကြီးကြောင်း နိုဝင်ဘာ ၁၇ ရက်က ဟောပြောခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ပြန်လည် စုစည်းတည်ဆောက်ရေးများကို အဓိကဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ဟောပြောခဲ့သည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ‘‘မကြာမီ ဖြတ်သန်းကြရမယ့်ရွေးကောက်ပွဲဟာ သာမန်အခြေအနေတွေမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲတွေနဲ့ မတူပါဘူး။ ဒါကြောင့်လည်း ရွေးကောက်ပွဲအလွန်မှာ ဘယ်လိုကိစ္စမျိုးတွေကို ဦးစားပေးဆောင်ရွက်ကြမလဲဆိုတာက အင်မတန်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့ပြည်သူ့ပါတီအနေနဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရေးတို့ကို အဓိကဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါဦးစားပေးအစီအစဉ်များကို တစ်ခုပြီးတစ်ခုလုပ်ရမည်မဟုတ်ဘဲ ရှိသမျှအရင်းအမြစ်များကို စုစည်းပြီး အင်တိုက်အားတိုက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပမည့်ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲများထက် အရေးကြီးပြီး ငါးနှစ်တာကာလအတွက် နိုင်ငံတော်ကိုရွေးချယ်ရာတွင် ပြည်သူများကိုအခြေပြုသည့် ပြည်သူ့ပါတီကို မဲပေးထောက်ခံရန် ဦးကိုကိုကြီး မဲဆွယ်ဟောပြောခဲ့သည်။
‘‘ယခုလို သာမန်မဟုတ်တဲ့ အခြေအနေမျိုးမှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ သာမန်ရွေးကောက်ပွဲတွေထက် အရေးကြီးပါတယ်။ လက်ရှိပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့၊ စားဝတ်နေရေးပြဿနာတွေကို သက်သာပြေလည်နိုင်စေဖို့၊ လာမယ့် ငါးနှစ်တာကာလအတွက် နိုင်ငံတော်ကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ပြည်သူအားလုံးကိုယ်စား ပြောရေးဆိုခွင့်ရရှိဖို့ ပြည်သူတွေရဲ့ဆန္ဒမဲနဲ့ ပြည်သူတွေကို အခြေပြုတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့အတွက် အဝါရောင်နောက်ခံနဲ့ ပြည်သူ့ပါတီကို မဲပေးထောက်ခံကြဖို့ လေးစားစွာပြန်ကြားအပ်ပါတယ်ခင်ဗျာ” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်သူ့ပါတီအနေဖြင့် တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများအတွက် လုပ်ဆောင်သွားမည့်အရာများ၊ ပြည်သူ့စစ်မှုထမ်းဥပေဒနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်အရာကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ ပဋိပက္ခပြင်းထန်တဲ့ကာလတွေမှာ အစွန်းတရားတွေကြီးထွားလေ့ရှိပေမဲ့ နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရေးအမြင်ကိုတော့ မျက်ခြည်မပြတ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း အကြောင်းကြောင်းကြောင့် ကွဲကွာနေရတဲ့ မိသားစုတွေဆုံစည်းနိုင်ဖို့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပိုပြီးပူးပေါင်းပါဝင်လာကြစေဖို့ အဓိကဆောင်ရွက်သွားပါမယ်။ တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်လည်အခြေချနိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ စီးပွားရေးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုတွေ ပြန်လည်ခံစားရရှိနိုင်ဖို့အတွက် မူဝါဒတစ်ရပ် ညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိလာတာနဲ့အမျှ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ စိုးရိမ်သောကတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်စေဖို့အတွက် စစ်ဆေးကြီးကြပ်ခြင်းများဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဟောပြောခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီအနေဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတရားများကို အခြေခံ၍ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရန် ခိုင်မာစွာကြိုးပမ်းရပ်တည်နေသည့် ပါတီဖြစ်ကြောင်းလည်း ဟောပြောခဲ့သည်။


