၁၅. ၁၁. ၂၀၂၅
Photo by Nay Yaung Lin
ရန်ကုန်-ဒလမြစ်ကူးတံတားကြီးဟာ မကြာသေးခင်က ရန်ကုန်မြစ်အလယ်ခေါင်းမှာ နှစ်ဖက်ခြမ်းကတံတားကြီးတွေ ဆက်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီတံတားကြီးပေါ်မှာ မော်တော်ယာဉ်တွေ၊ ပြည်သူတွေလည်း အလွယ်တကူ ဆက်သွယ် သွားလာနိုင်တော့မှာပါ။ ဒီတံတားကြီးဟာ အရှည်ဆုံးတံတားတွေထဲက တံတားတစ်စင်းဖြစ်လာမှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရပြယုဂ်(Land Mark) တစ်ခုဖြစ်လာမယ်လို့ ဆိုထားကြပါတယ်။





လက်ရှိမှာ ရန်ကုန်-ဒလအတွက် မရှိမဖြစ်သွားလာရေးတစ်ခုဖြစ်တဲ့ သဗ္ဗာန်မောင်းသူများစွာကလည်း တံတားကြီးပြီးစီးပြီးနောက် သူတို့ရဲ့ ဖွံ့ဖြိုးလာမဲ့ ဒလမြို့အတွက် ပီတိဖြစ်ရသလို သူတို့ရဲ့သက်မွေးဝမ်းကျောင်းအလုပ်ပေါ် သက်ရောက်မှုတွေရှ်ိလာနိုင်တာမို့ အသက်မွေးဝမ်းကျောင်းအတွက် ကြိုတင်စဉ်းစားမှုတွေ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။
အခြေအနေအရပ်ရပ်ကြားက ရန်ကုန် – ဒလ တံတားကြီးကတော့ မကြာခင်ဖွင့်လှစ်တော့မှာဖြစ်သလို ဒလမြို့က နေ့စဉ်သွားလာနေသူများအတွက်လည်း လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူလာတော့မှာပါ။





ရန်ကုန်- ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်မှာ သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားခံနိုင်ဝန်က ၇၅ တန်၊ တံတားရဲ့အမြင့်က မီတာ ၇၀ ကျော်ရှိကာ ၂၀၁၂ ခုနှစ်မှာ အခြေတည်ပြီး ၂၀၁၉ ခုနှစ် မေလမှာ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
