၁၅. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ခိုတောင် (Koh Tao) ကျွန်းတွင် ကြာသပတေးနေ့ နံနက်အစောပိုင်းက ကနေဒါနိုင်ငံသူ ခရီးသွားအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြိုးပမ်းခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ် ထိုင်း-မြန်မာကပြား အမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သားကောင်ဖြစ်သူ အသက် ၂၂ နှစ်အရွယ် Ms. Julia (ဂျူလီယာသည် ကြာသပတေးနေ့ နံနက် ၁ နာရီခန့်တွင် XCo ဘားမှ သူမတည်းခိုရာသို့ ပြန်လာစဉ်၊ အခမဲ့ ဆိုင်ကယ်တက္ကစီယာဉ်မောင်းဟန်ဆောင်ထားသည့် အမျိုးသားတစ်ဦးက သူမကို လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သံသယရှိသူသည် သူမကို လမ်းသွယ်တစ်ခုအတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားပြီး ပွတ်သပ်ထိကိုင်ရန် ကြိုးပမ်းကာ ဆိုင်ကယ်ပေါ်တွင်ပင် ဘောင်းဘီချွတ်ရန် ကြံစည်ခဲ့သည်။ ထို့အတွက် ဂျူလီယာက ရွေ့လျားနေသော ဆိုင်ကယ်ပေါ်မှ ခုန်ချခဲ့သော်လည်း ထိုအမျိုးသားက သူမကို ခွစီးကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သဖြင့် ရုန်းကန်ခဲ့ရကြောင်း တိုင်ကြားခဲ့သည်။ သူမသည် ဖုန်းဖြင့် အကူအညီတောင်းခံခဲ့သော်လည်း သံသယရှိသူက ခဏတာအတွင်း ဖုန်းကို လုယူခဲ့သည်။ သို့သော် လှုပ်ရှားရုန်းကန်ရင်းပင် သူမ လွတ်မြောက်လာပြီး လမ်းမကြီးပေါ်သို့ ရောက်ရှိကာ တက္ကစီဖြင့် ဘားသို့ ပြန်သွားနိုင်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဂျူလီယာသည် ခိုတောင်ကျွန်းဆေးရုံတွင် ဒဏ်ရာများအတွက် ဆေးကုသမှုခံယူကာ တရားဝင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများ စစ်ဆေးခြင်း၊ သံသယရှိသူ၏ ဓာတ်ပုံ ဖြန့်ဝေခြင်းနှင့် ရာဇဝတ်မှုနေရာ ပြန်လည်ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ကျွန်းပေါ်မှ ထွက်ခွာမည့် လမ်းကြောင်းများကိုပါ စောင့်ကြည့်ခဲ့သည်။
ထို့နောက် ထိုင်း အာဏာပိုင်များသည် ရနောင်းခရိုင်မှ သံသယရှိသူအား ကြာသပတေးနေ့ နံနက် ၉ နာရီတွင် ခိုတောင်ကျွန်းရှိ ဂိုဒေါင်ကားပါကင်နေရာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းအား ဆီးစစ်ဆေးရာ မက်သာဖက်တမင်းမူးယစ်ဆေး သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။ စစ်ဆေးမေးမြန်းမှုတွင် တရားခံက ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူငယ်ချင်း၏ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူအား ဂျုလီယာ၏ ဖုန်းနှင့် အဓမ္မပြုကျင့်ရန်ကြံစည် တိုက်ခိုက်မှုတွင် ဝတ်ဆင်ခဲ့သော အဝတ်အစားများ အပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးခဲ့သည်။
Ref : Khaosod
