◾️ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဟု ဆို
၁၅. ၁၁. ၂၀၂၅
Written by Nyein Kyaw
တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အခြေခံလိုအပ်ချက်များ ရှိနေသည့်အတွက် ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးသည် အရေးကြီးကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယမန်နေ့တွင် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟု ပါရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အပြင် တိုင်းရင်းသားများအနေဖြင့် မိမိတို့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်နေသကဲ့သို့ အားလုံးကလည်း အလေးထားထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနထံ တင်ပြဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များစွာ ရှိနေသည့်အတွက် ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ဖြစ်၍ တိုင်းရင်းသား အားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားသည်။
