



၁၅. ၁၁. ၂၀၂၅
Written by NYL
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများနှင့် နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း USDP News တယ်လီဂရမ်တွင် ဖော်ပြထားမှု အရသိရပြီး အဆိုပါတွေ့ဆုံမှုတွင် ဦးခင်ရီက အင်အားတောင့်တင်း၍ နိုင်ငံတော်အတွက် ရည်ရွယ်စုဖွဲ့ထားသည့် ပါတီအဖွဲ့အစည်းမှာ မိမိတို့ ခြင်္သေ့ပင်ဖြစ်သည်ဟု မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
‘’ကျွန်တော်တို့နိုင်ငံကြီးကို အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပေါင်းစပ်ပြီး တည်ဆောက်သင့်ပါတယ်။ ဒီကနေ့ အိုင်တီခေတ်ကြီးထဲမှာ ပညာတတ်တဲ့သူတွေ၊ လူအရင်းအမြစ်များတဲ့ အဖွဲ့အစည်းမျိုး၊ ကျောထောက်နောက်ခံပြုတဲ့ အဖွဲ့အစည်းမျိုးနဲ့ နိုင်ငံကို တည်ဆောက်သင့်ပါတယ်။ ဒါကို ကျွန်တော်က ပြောချင်တာပါ။ အဲဒီတော့ လူပုဂ္ဂိုလ်လည်း ကြည့်သင့်တယ်။ အဖွဲ့အစည်းကိုလည်း ကြည့်သင့်ပါတယ်။ ဒီနေရာမှာ မဲဆွယ်တဲ့ကာလဆိုတော့ ဗြောင်ပဲပြောချင်ပါတယ်။ အဖွဲ့အစည်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီအဖွဲ့အစည်း အားလုံးပဲသိပြီးဖြစ်ပါလိမ့်မယ်။ သူ့မှာ သမိုင်းရှိတယ်။ ပြောချင်တာက ကျွန်တော်တို့နောက်မှာ အင်အားတောင့်တင်းတဲ့၊ လေ့ကျင့်ပျိုးထောင်ပေးထားတဲ့ နိုင်ငံတော်အတွက် ရည်ရွယ်စုဖွဲ့ထားတဲ့ ကျွန်တော်တို့ပါတီအဖွဲ့အစည်းရှိတယ်လို့ ပြောကြားလိုပါတယ်။ အဖွဲ့အစည်းကို ကြည့်ဖို့လိုတယ်။ အဲဒီအဖွဲ့အစည်းက ခြင်္သေ့ပဲ။ ဒါမဲဆွယ်ကာလမို့လို့ ကျွန်တော်ပြောတာနော် “ ဟု ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ငါနှင့်မတူ ငါရန်သူဆိုသည့်မူကြောင့် ပြည်ခိုင်းဖြိုးပါတီဝင် ၁၀၀၀ ကျော် အသတ်ခံခဲ့ရပြီး ၎င်းတို့အတွက် မိမိတို့ ပေးဆပ်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
“ တပ်မတော်ကိုထောက်ခံပြီးရင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လို့ဆိုရင် အသတ်ခံရတဲ့သဘောမျိုးဖြစ်နေတယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမျိုးဖြစ်နေတယ်။ ကျွန်တော်ခုနက ပြောတယ်။ ကျွန်တော်တို့ပါတီဝင် တစ်ထောင်ကျော်သေသွားပြီ။ အဲဒီလူတွေအတွက် သူတို့မှာဘာဆန္ဒတွေရှိကြမလဲ။ သူတို့ဝိညာဉ်လောကကို ထွက်ခွာပြီ။ ပိုမိုမြင့်မားတဲ့နေရာတစ်ခု၊ အေးချမ်းတဲ့နေရာတစ်ခုကို သူတို့လိုချင်ကြမှာဘဲ။ သူတို့အတွက် ကျွန်တော်တို့က ဘာလုပ်ပေးဖို့လိုလဲ။ သူတို့အတွက် ကျွန်တော်တို့ပေးဆပ်ပေးဖို့လိုပါတယ်။ ဒီတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် သေသွားလို့သေမှန်းမသိတဲ့သူ အများကြီးရှိတယ်။ ငါနဲ့မတူ ငါရန်သူဆိုတဲ့ မူတစ်ခု မြန်မာနိုင်ငံမှာ ထွန်းကားလိုက်တာနဲ့ အတ္တနိုင်ငံရေးသမားတွေက ဝင်ပြီး မွှေနှောက်လိုက်တာနဲ့ တိုင်းပြည်အခုလိုဖြစ်တယ်။ အဲဒီလိုဖြစ်သွားပါတယ်။ အဲဒီတော့ ချုပ်ပြောရရင် ကျွန်တော်တို့မှာ အကြွေးတွေရှိနေပါတယ်။ မိတ်ဆွေကြီးတွေမှာလည်း အကြွေးတွေရှိနေပါတယ်။ ဒီလို အလဟဿ တိုင်းပြည်တွေအတွက် ဆုံးရှုံးပေးခဲ့ရတဲ့သူတွေအတွက် ကျွန်တော်တို့ပြန်လည်ပြီးတော့ ပေးဆပ်သင့်ပါတယ် “ ဟု ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်ဟောပြောမှုများ စတင်ခွင့်ပြုသည့် ကာလကစတင်၍ တွေ့ဆုံမဲဆွယ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( အောက်တိုဘာ ၁၀ ရက်၊ နံနက် ၆ နာရီမှ ဒီဇင်ဘာ ၂၆ ရက်၊ ည ၁၂ နာရီအထိ) ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
