၁၅.၁၁.၂၀၂၅
Written by NYL
လုပ်ပိုင်ခွင့်ရမည်ဆိုလျှင် အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းကို စျေးကွက်အခြေအနေများနှင့် ပြန်လည်ချိန်ညှိသတ်မှတ်မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က လှိုင်သာယာမြို့နယ်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုတွင် ပြောကြားခဲ့သည်။
လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံတွင် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်သူလူထုနှင့် တွေ့ဆုံမဲဆွယ်ပွဲနှင့် လှိုင်သာယာ(အရှေ့)မြို့နယ်နှင့် လှိုင်သာယာ (အနောက်)မြို့နယ်တို့တွင် ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က “စျေးကွက်အခြေအနေနှင့် ကိုက်ညီသည့် လုပ်ခလစာသည် အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်မတို့သာ တကယ်လို့ လုပ်ပိုင်ခွင့်ရမယ်ဆိုရင် ဒါကို အရင်ဆုံးလုပ်ချင်တာဖြစ်ပါတယ်။ အဓိက ကတော့ အနိမ့်ဆုံးလုပ်ခလစာကြေး သတ်မှတ်တာကို အစိုးရရယ်၊ အလုပ်ရှင်ရယ်၊ အလုပ်သမားရယ် ကျွန်မတို့ ဥပဒေအရ (၂) နှစ်တစ်ခါ အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ရပါတယ်။ အခုကတော့ မလုပ်တာ နည်းနည်းကြာနေပြီပေါ့နော်။ အခုတော့ ၆၈၀၀ ကနေ ၇၈၀၀ ကို တိုးထားပေမဲ့ တကယ်တမ်းကုန်းစျေးနှုန်းတက်တာနဲ့ မမျှဘူးဖြစ်နေပါတယ်ရှင့်။ အဲဒါကြောင့်မို့လို့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းကို ကျွန်မတို့ စျေးကွက်အခြေအနေများနှင့် ပြန်လည်ချိန်ညှိသတ်မှတ်တာပေါ့နော်။ ဆိုလိုရှိရင် ကျွန်မက အလုပ်သမားတွေက အများစုမို့လို့ အလုပ်သမားတွေရဲ့ အကြိုက် လုပ်ခလစာက မြှင့်မယ်လို့ပြောတာမဟုတ်ပါဘူး။ အလုပ်ရှင်တွေ ပေးနိုင်တာလည်း ဖြစ်ရမယ်။ အလုပ်ရှင်တွေကလည်း ပေးနိုင်တာဖြစ်ရမယ်။ လုပ်သားတွေလည်း လုပ်သာကိုင်သာရှိတဲ့ လစာဖြစ်ရမယ်ပေါ့နော် “ ဟု မဲဆွယ်ပြောကြားခဲ့သည်။
ထိုသို့ အနိမ့်ဆုံးလုပ်ခလစာ ပြန်လည်ချိန်ညှိသတ်မှတ်ရာတွင် သမာသမတ်ကျစွာ သုံးပွင့်ဆိုင်ညှိနှိုင်းခြင်းကို ဆောင်ရွက်မှာဖြစ်ကြောင်း ဒေါက်တာ သက်သက်ခိုင်က ဆက်လက်ပြောကြားသည်။
‘’ဒါလေးကို ကျွန်မတို့က အစိုးရအနေနဲ့ ကြားထဲက သမာသမတ်နဲ့ သုံးပွင့်ဆိုင်ညှိနှိုင်းပေးတာမျိုးပေါ့။ ဒါလေးတွေ ကျွန်မတို့ ဆောင်ရွက်ချင်ပါတယ်” ဟု PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဆိုသည်။
PPP ပါတီကို ကိုယ်စားပြု၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဒေါ်ဌေးဌေးမြင့်တိုကလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်)တွင် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဦးအောင်ပြည့်စုံ၊ တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်လှိုင်တို့ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စုစုမောင်တို့က ဝင်ရောက်ရွေးချယ်ခံ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး သည် လူဦးရေအများဆုံးတည်ရှိသည့်နေရာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ (၂)မြို့နယ်တွင် အလုပ်သမားဦးရေ အများဆုံးတည်ရှိကြောင်း သိရသည်။
