၁၄.၁၁.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ထိပ်ပေါက်ကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက တောင်သူတစ်ဦး မြေမြှုပ်မိုင်းထိပြီး လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက် ပြင်းထန်စွာထိခိုက်ကာ တောင်ငူဆေးရုံကြီးဆီ ရောက်ရှိဆေးကုသမှု ခံယူနေရကြောင်း တောင်ငူအခြေစိုက် Save The Trees Rescue Team မှ တာဝန်ရှိသူထံက သိရပါတယ်။
အဆိုပါလူနာက အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်လို့ သိရပြီး တောင်ယာလုပ်ရင်း မိုင်းထိသွားတာကြောင့် လက်နှစ်ဖက် ခွဲစိတ်ကုသမှုခံရယူထားရပြီး ခြေနှစ်ဖက် ဖြတ်တောက်လိုက်ရတယ်လို့ သိရပါတယ်။ မိသားစု ၆ယောက်ရှိပြီး ဆင်းရဲနွမ်းပါးသူမို့ ဆေးကုသဖို့နဲ့ခြေတုလုပ်တဲ့အထိ အသင်းက ကူညီပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ လူနာက ခွဲစိတ်ကုသမှုအောင်မြင်ကာ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်းတစ်လျောက်ဟာ မနှစ်က ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး တံတားတွေကျိုးတာ၊ အိမ်တွေ ရေထဲ မြောပါတာ၊ လူနဲ့ ကျွဲနွားတိရစ္ဆာန်ပါ ထိခိုက်မှုရှိခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။ အခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာလည်း စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ဒေသခံတွေရဲ့ ငှက်ပျောခင်းတွေ ရေထဲမျောပါ ပျက်စီးခဲ့သလို ရွာခြေတချို့ပါ မြစ်ကမ်းပါးပြိုတဲ့ထဲ ပါသွားတဲ့အတွက် နေအိမ်တွေ ပြောင်းရွှေ့ပေးရတဲ့ အခြေအနေလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတစ်ဝိုက်မှာ တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့အစည်းတချို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
