၁၄. ၁၁. ၂၀၂၅
Written by Nay Moe
“ဝ”လက်နက်ကိုင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်လိုက်တဲ့ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ လူသတ်မှု၊ ဖောက်ထွင်းမှု ကျူးလွန်သူ နှစ်ဦးကို သေဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ UWSA သတင်းတွေ ထုတ်ပြန် ဖြန့်ဖြူးတဲ့ “ဝ”လူငယ့်အသံကွန်ရက် Wa News Land က ဒီမနက် ဖော်ပြလာပါတယ်။
တရားစီရင်ရေး အခမ်းအနားကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းက ဟိုပန်မြို့၊ ယဥ်ကျေးမှုကွင်းမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းနဲ့ပညာရေးဝန်ထမ်းတွေအပြင် ဟိုပန်မြို့တွင်းနေထိုင်ကြတဲ့ လူထုတွေ လာရောက်ကြည့်ရှုခဲ့ကြတယ်လို့လည်း ပြောပါတယ်။





လူသတ်မှုကျူးလွန်သူ အသက် ၁၈ အရွယ် မောင်အိုက်ရီကို သေဒဏ်ချမှတ်ခဲ့ပြီး အသက်(၂၇)နှစ်အရွယ် ဦးအားချန်ကို နမ့်တစ်မြို့မှာ ရွှေခိုးယူမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
“ဒီမနက် ၈ နာရီခွဲလောက်ကတည်းက ရဲကားတွေနဲ့ ကျူးလွန်သူ၂ဦးကို ခေါ်လာတယ် မောင်အိုက်ရီက မိုင်းရယ်မြို့မှ ဟိုပန်ကို အလုပ်လာလုပ်ပြီး အသက် ၃၅ နှစ်အရွယ် တရုတ်အမျိူးသမီအသတ်ခဲ့၊ နောက်တစ်ယောက်ကတော့ ဦးအားချန်တဲ့ နမ့်တစ်မှာရွှေခိုးတယ်။” လို့လည်း ဖော်ပြပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ ပြည်သူများစွာကို လုယက်သတ်ဖြတ်မှုပေါင်း ရာနဲ့ချီကျူးလွန်ခဲ့တဲ့ ဂျင်မီ(ခ) ကျော်မင်းယု၊ ဇေယျာသော် (ခ) ဖြိုးဇေယျာသော် တို့အပြင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး၊ ချုပ်နှောင်၊ ရိုက်နှက်၊ နှိပ်စက်ထိပါးသတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ ကတုံး (ခ) အောင်သူရဇော်နဲ့ ဝက်ကြီး (ခ) လှမျိုးအောင်တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်ဒုတိယလဝက်အတွင်း သေဒဏ်ပေးစဥ်က ပြည်တွင်းပြည်ပမီဒီယာတွေက ဝိုင်းဝန်းဝေဖန်ခဲ့ကြပေမယ့် ကိုးကန့်အကြမ်းဖက်လက်နက်ကိုင် MNDAA နဲ့ “ဝ”လက်နက်ကိုင် UWSA တို့ မကြာခဏဆိုသလို သေဒဏ်ပေးနေတာကိုတော့ ပြည်တွင်းပြည်ပက ဝေဖန်ရဲမှုမရှိသလို MNDAA နဲ့ UWSA တို့ကလည်း ဒီငါးနှစ်အတွင်းမှာ အနည်းဆုံး လူ ၂၀ အထက် လူမြင်ကွင်းမှာ သေဒဏ်ပေး သတ်ဖြတ်ထားပါတယ်။


အခု နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း MNDAA ထိန်းချုပ်ထားတဲ့ အထူးဒေသ (၁) မုံကိုးခရိုင်မှာ ပြစ်မှုအမျိုးမျိုး ကျူးလွန်ထားသူ ၅ ဦးထဲက လူသတ်မှုကျူးလွန်သူ ၃ ဦးဖြစ်တဲ့ Mr. Li Xiao Liang ၊ Mr. Jin Lao Er နဲ့ ဇော်ထက်တို့ကို လူမြင်ကွင်းမှာ သေဒဏ်ပေးပြီး ဝင်းထွန်းဆိုသူကို သက်ငယ်မုဒိမ်းမှုနဲ့ ထောင် ၁၀ နှစ်၊ ဟိန်းထက်ပိုင် ဆိုသူကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်မှုအမှုနဲ့ ထောင်ဒဏ် ၁၄ နှစ်ချခဲ့ပြီး ဒီလိုစီရင်မှုကို အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေရှေ့ MNDAA ကျူးလွန်တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။
သတင်း/ ဓာတ်ပုံ – “ဝ” လူငယ့်အသံ ကွန်ရက်
ပုံစာ။ နိုဝင်ဘာ ၁၁ ရက်က MNDAA သေဒဏ်ပေးစဥ်က ပုံရိပ်အချို့နှင့် ယနေ့ UWSA သေဒဏ်ပေးမှုပုံရိပ်။
