◾️ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်ဟု ဆို
၁၄. ၁၁. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံနှင့်ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်မှာ ပြည်သူအားလုံး၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရန်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ် အားလုံးက ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုး၊ နိုင်ငံတော်၏ အကျိုးကိုကြည့်၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံနှင့်ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ကာလသည် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အရေးကြီးသည့် အချိန်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည် ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်သဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်တွင် ဗြိတိသျှအစိုးရက အတည်ပြုခဲ့သော ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာသင်ယူခွင့်ရရှိရေးကို ခက်ခဲစေရန် ကန့်သတ်ရေးဆွဲခဲ့ခြင်းဖြစ်၍ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဖြစ်ပြီး မြန်မာတို့၏ အမျိုးသားဇာတိမာန်စိတ်များ နိုးကြားရှင်သန်ပေါ်ပေါက်ခဲ့ရသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ထိုကြောင့် ရန်ကုန်မြို၊ ဂျူဗလီဟောခန်းမကြီး၌ ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ စည်းဝေးကျင်းပခဲ့သော ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ အထူးညီလာခံက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို“အမျိုးသားနေ့” အဖြစ် တညီတညွတ်တည်း စတင်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
