၁၄.၁၁.၂၀၂၅
Written by NYL
စည်းရုံးရေးလာဆင်းခြင်းမဟုတ်ဘဲ မိမိတို့ကို
ငါးနှစ်စာသူရင်းငှား ငှားကြရန်လာပြောခြင်းဖြစ်ကြောင်း မိတ္ထိလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက
ကွက်ငယ်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံစဉ် မဲဆွယ်စည်းရုံးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း၏ ပြောကြားမှုကို မြန်မာ့ဂုဏ်ကရေးသားထားပြီး ယင်းကို USDP News တွင် ပြန်လည်ဖော်ပြထားမှုအရ သိရသည်။
“ပြောရရင် ဘာလာလုပ်တာလဲဆိုတော့ စည်းရုံးရေးလာဆင်းတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ငှားပါခင်ဗျာဆိုပြီး လာပြောတာ။ ကျွန်တော်တို့ကို ငါးနှစ်စာသူရင်းငှား မငှားချင်တဲ့သူ ရှိလား။ အခုအချိန်မှာ တောထဲဆင်းနေတဲ့သူတွေ အားလုံးကိုလည်း ပြောပေးပါ။ ရပ်ရေးရွာရေးသယ်ပိုးဖို့အတွက် ကျွန်တော်တို့ သုံးယောက်ကို ငှားတာနဲ့ လေးယောက်ရပါတယ်။ လေးယောက်အပြင်ကို ဦးမောင်မောင်မြင့် နောက်မှာ နောက်ရောက်မယ့် သူရင်းငှား ရှိသေးတယ်။ တကယ်တမ်းဆို ငါးယောက်ရမယ်” ဟု ဒေါက်တာမောင်သင်းက ပြောကြားခဲ့သည်။

ထိုသူရင်းငှားများကို ငါးနှစ်တွင် တစ်ကြိမ်သာငှားခွင့်ရှိပြီး သုံးယောက်စာကို မည်သည့်အဖိုးအခများ မပေးရဘဲ ငါးနှစ်စာငှားခွင့်ရခြင်းဖြစ်ကြောင်းလည်း ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက ဆက်လက်ပြောကြားသည်။
“ဒီသူရင်းငှားတွေက ငါးနှစ်မှာတစ်ကြိမ်ပဲ ငှားခွင့်ရှိတယ်။ တစ်ရက်ထဲ ငှားခွင့်ရှိတယ်။ အဲ့ဒီရက်မှာ မငှားရင် ငှားလို့မရတော့ဘူး။ ဘယ်လောက်ပေးရလဲ။ တစ်နေ့ တစ်သောင်း ပေးရမလား။ ဒီလေးယောက်ငှားဖို့အတွက် တစ်နေ့ တစ်သောင်း ပေးရလား။ မပေးရဘူး။ အဲ့ဒီတော့ ငါးနှစ်စာအတွက် သုံးယောက်ကိုငှားတာ လေးယောက်ရတယ်နော်။ နည်းနည်းနောနော အလုပ်ကြီးမဟုတ်ဘူး။ အဲ့ဒီအလုပ် မလုပ်ချင်တဲ့သူရှိလား။ အဲ့ဒီအလုပ်ကို၊ သုံးယောက်ကို တစ်ပြားမှ မပေးရဘဲနဲ့ ငါးနှစ်စာ ငှားလိုက်တာ လေးယောက်ရတယ်။ မလုပ်ချင်တဲ့သူရှိလား။ မရှိဘူးနော်။ သေချာလား ” ဟု ဒေါက်တာမောင်သင်းက ပြောကြား မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။

၂၀၂၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ မိတ္ထီလာမဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်ကျော်မိုး(FPTP) နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြသွင်(ခ)ဦးမြင့်ဆန်း(PR) တို့ ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
Photo : USDP News
