၁၁.၁၁. ၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်လမ်းတချို့မှာ လုယက်ခံရမှုတွေ မကြာခဏဖြစ်ပွားနေပြီး အခု နိုဝင်ဘာလအတွင်း စီတာပူရပ်ကွက်တစ်ခုတည်းမှာတင် နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်တွေက မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဒူဝါဇော်ရစ်လမ်း (ဒေသ အခေါ်အဝေါ် ဂျပန်လမ်း) မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဉ် ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခံရပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း သမီးဖြစ်သူကို သင်တန်းကနေကြိုပြီး အတူဆိုင်ကယ်စီးကာပြန်လာတဲ့ သားအမိနှစ်ဦးကို စီတာပူရပ်ကွက်တွင်း အိမ်ခြေခြံဝန်းကျယ်ရှိတဲ့ လမ်းထဲမှာ လုယက်ခံရပြန်ပါသေးတယ်။

အဆိုပါလုယက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မိခင်ဖြစ်သူအမျိုးသမီးကြီးက ပြင်ပဒဏ်ရာပြင်းထန်တာမတွေ့ရပေမယ့် ဆေးရုံရောက်တဲ့အထိ သတိလစ်နေခဲ့တယ်လို့ မြေပြင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းသားတစ်ဦးက ဆိုပါတယ်။
သားအမိနှစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို နောက်ကနေ လိုက်လံလုယက်သွားတဲ့သူတွေက အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးလို့ သိရပြီး အမျိုးသားက ဆိုင်ကယ်မောင်းနှင်ကာ အမျိုးသမီးက နောက်ကနေ လုယက်တာလို့ ကာယကံရှင်ရဲ့ တွေ့မြင်ပြောပြချက်ကိုလည်း အဆိုပါ အသင်းသားကပဲ MT News ကို ပြန်လည်ပြောပြပါတယ်။
အဆိုပါ လုယက်မှုတွေကြောင့် ဒဏ်ရာရရှိသူတွေကို မြေပြင်အကူအညီပေးခဲ့ရကြောင်း လူမှုကွန်ရက်မှာ အသိပေးဖော်ပြလာတဲ့ ပရဟိတအသင်းတွေရဲ့အောက်မှာ မှတ်ချက်ပြုကြသူတွေက မူးယစ်ဆေးပေါလာလို့ ဖြစ်ကြောင်း၊ ဆေးရောင်းဆေးဝယ်တွေကို သက်ဆိုင်ရာက မဖမ်းတော့ဘူးလားဆိုတဲ့အကြောင်းတွေကို ဝင်ရောက်မှတ်ချက်ပြုနေကြတာလည်း တွေ့ရပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ပျံ့နှံ့နေပြီး လူသူရှင်းတဲ့ လမ်းကြား၊ လမ်းထောင့်နဲ့ လူမနေတဲ့ ခြံဝန်းကျယ်တွေထဲမှာ လူငယ်လူရွယ်တွေ ဆေးသုံးနေတာမျိုး၊ ဆေးလွန်သေဆုံးတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းမျိုး မကြာခဏ ကောက်ရကြောင်းလည်း မြို့ခံလူမှုကူညီရေးအသင်းတချို့ရဲ့ မှတ်တမ်းတွေအရ သိရှိရပြီး မြို့ပေါ်မှာ ပရဟိတအသင်းတွေ များပြားပေမယ့် ရုပ်အလောင်းတင်ဆောင်တဲ့ယာဉ်ရှိတဲ့ ပရဟိအသင်းက သုံးသင်းခန့်သာ ရှိတာမို့ အဆိုပါအသင်းတွေရဲ့ ရုပ်အလောင်းကောက်ယူရမှု မှတ်တမ်းတွေအရလည်း သိရှိရတာဖြစ်ပါတယ်။
မြို့ခံ ရှင်ကူ ၊နာကူအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက “မူးယစ်ဆေးက လွယ်လင့်တကူ ဝယ်လို့ရနေတယ်။ ဆေးရောင်းသမားတွေကိုလည်း ဖမ်းဆီးရှင်းလင်းတာမျိုး သက်ဆိုင်ရာက လုပ်တန်သလောက် လုပ်ပေမယ့် မထိရောက်လှဘူး။ ဆေးသမား၊ ဖိုးသမားတွေ ပေါလာတော့ နောက်ဆက်တွဲ ဒုစရိုက်မှုကလည်း ပေါလာတယ်။ သူခိုးပေါတယ်။ လုယက်တာ၊ အနုကြမ်းစီးတာ မကြာခဏ ဖြစ်နေ ကြားနေရတယ်။ ဆေးသမားအလောင်းဆိုတာလည်း ဒီလတင် လမ်းဘေးသေဆုံး ကျွန်တော့အသင်းက နှစ်ဦးရှိပြီ။ ပိုင်ရှင်မဲ့ သင်္ဂြိုဟ်ရတာ။ သေလိုက်ရင် ၁၇၊ ၁၈ တွေ။ တချို့ပိန်လှီနေတော့ သက်ကြီးပိုင်းလားထင်ရတာ။ အမှန်က လူငယ်တွေ” လို့ MT News ကို ပြောပါတယ်။
