◾️ မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသော ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာရောဂါ အများဆုံးဖြစ်ပွားစေသည့် ပိုးအမျိုးအစား ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်
၁၁. ၁၁. ၂၀၂၅
Written by Nyein Kyaw
စာသင်ကျောင်းပြင်ပရှိ မိန်းကလေးငယ်များကို ဒီဇင်ဘာလဆန်းမှစ၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ပြုလုပ်သည့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများတွင် တတိယမြောက်အဖြစ် အများဆုံးကင်ဆာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် ၇၀ ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား (၁၆)နှင့် (၁၈) ကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးတွင် HPV ပိုး အမျိုးအစားလေးမျိုးဖြစ်သည့် (၆)၊ (၁၁)၊ (၁၆)၊ (၁၈)တို့ကို ကာကွယ်နိုင်သော ကာကွယ်ဆေးဖြစ်သည့်အတွက် အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်စေသည့် ပိုးအမျိုးအစား(၁၆)နှင့် (၁၈)ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည့်အပြင် ပိုးအမျိုးအစား(၆)နှင့် (၁၁)ကိုပါ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ကြွက်နို့ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းရရှိသည်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပ မိန်းကလေးငယ်များကို ဆက်လက်ထိုးနှံရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ ယခုအစည်းအဝေးကို ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဆန်းမှစတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းပြင်ပ မိန်းကလေးငယ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အသက် ၉ နှစ်မှ ၁၈ နှစ်အရွယ်အထိ မိန်းကလေးငယ်များကို အသက်အပိုင်းအခြားတိုးမြှင့်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohorts Vaccination)ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံပေးလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ကမ္ဘာ့ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization-GAVI)မှ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတော်မှလည်း GAVI အဖွဲ့နှင့် အချိုးကျထည့်ဝင်၍ (Co-financing) အစီအစဉ်ဖြင့် ဝယ်ယူကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက အသက် ၁၃ နှစ်မှ ၁၉ နှစ်အတွင်း ရှိသည့် မိန်းကလေးများတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများတွင် အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို ၃၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
