၁၁. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်ရှိ ကွန်ဒိုမီနီယံတစ်ခုတွင် မြန်မာအမျိုးသားတစ်ဦးသည် သူငယ်ချင်းများနှင့်အတူ တစ်ညတာ အရက်အလွန်အကျွံသောက်စားပြီးနောက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က သေဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက် ည ၉ နာရီခန့်အချိန်တွင် ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ မူအမ်ခရိုင်၊ ဘန်ပူမိုင်ရပ်ကွက်ရှိ ကွန်ဒိုမီနီယံ အခန်းတစ်ခန်း၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ဘန်ပူရဲစခန်းမှ ရဲအရာရှိများအား အကြောင်းကြားခဲ့သည်။ ရူအမ်ကတ်တန်ညုဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သားများနှင့်အတူ ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသော ရဲအရာရှိများသည် အသက် ၃၀ ခန့်ရှိ မြန်မာနိုင်ငံသား ကိုတေးကိုဦးဟု နောက်ပိုင်းတွင် အတည်ပြုခဲ့သော အမျိုးသားတစ်ဦး၏အလောင်းကို စောင်ဖြင့် တစ်ဝက်တစ်ပျက် ဖုံးအုပ်လျက် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့၏ ခန့်မှန်းချက်အရ ၎င်းသည် အလောင်းမတွေ့မီ အနည်းဆုံး သုံးနာရီခန့်ကတည်းက သေဆုံးနေခြင်းဖြစ်နိုင်သည်။
ပဏာမစုံစမ်းစစ်ဆေးမှုများအရ ထိုအမျိုးသားသည် ယခင်ညကတည်းက သူငယ်ချင်းများနှင့်အတူ မိုးလင်းပေါက်သည်အထိ အရက်အလွန်အကျွံ သောက်စားခဲ့ကြောင်း သိရသည်။ စကားပြန်မှတစ်ဆင့် သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ ပြောဆိုသော ထွက်ဆိုချက်များအရ ထိုအခန်းတွင် လူသုံးဦး နေထိုင်ကြသည်။ ကိုတေးကိုဦးသည် ထိုနေရာတွင် နှစ်လကျော် နေထိုင်ခဲ့ပြီး ပုံမှန်အားဖြင့် အစားအသောက်မစားဘဲ အရက်ကို အလွန်အကျွံ သောက်သုံးလေ့ရှိသူအဖြစ် သိရှိရသည်။
“သူက မနေ့ညက ကျွန်တော်တို့နဲ့အတူ ပုံမှန်အတိုင်း သောက်ခဲ့တယ်။ ကျွန်တော်တို့က သူနေမကောင်းဖြစ်လို့ အရက်ရှိန်ဖြေဖို့ အိပ်နေတာပဲလို့ ထင်ခဲ့ကြတာ” ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြောသည်။
ထို့အပြင် အခြားသူငယ်ချင်းတစ်ဦးကလည်း ကိုတေးကိုဦးသည် မိုးလင်းသည်အထိ အရက်အလွန်အကျွံ သောက်သုံးသည့် အကျင့်ရှိကြောင်း အတည်ပြုခဲ့သည်။
“သူက အရင်ကလည်း အရက်သောက်ပြီး မေ့မြောသွားတတ်တယ်။ ဒါကြောင့် ဒီတစ်ကြိမ်လည်း အခြေအနေမဆိုးဘူးလို့ ကျွန်တော်တို့ ထင်ခဲ့ကြတာ” ဟု ၎င်းက ထွက်ဆိုခဲ့သည်။
လက်ရှိအချိန်တွင် သေဆုံးသူကိုတေးကိုဦး၏ ရုပ်အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ဆက်လက်အတည်ပြုစစ်ဆေးမှုများကို ထိုင်းအာဏာပိုင်များက ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
Ref : The Thaiger
