၁၁.၁၁.၂၀၂၅
Written by Hey Mar
ဘုန်းကြီးကျောင်းဘုရားထီးတင်ပွဲကျင်းပနေတဲ့ ပွဲဈေးတန်းကို လာရောက်လည်ပတ်နေတဲ့ လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်အတွင်း ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းတွေရှေ့မှာ ပွဲဈေးလာတဲ့ အမည်မသိအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သွားကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ မျိုးဆက်သစ် လူမှုကူညီရေးအသင်းက ထွက်ခွာကူညီပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသားမှာ ဦးခေါင်း ဘယ်ဘက်နားအောက်မှာ ပစ်ခတ်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့တာဖြစ်ပြီး အသင်းက မြေပြင်ရောက်ရှိချိန် မျက်မြင်ကြုံတွေ့ရတဲ့ အခြေအနေကို “ကျွန်တော်တို့ရောက်တော့ ပွဲခင်းထဲ လူရှင်းနေပြီ။ လုံခြုံရေးတပ်ဖွဲ့တွေက နေရာယူပြီး လုံခြုံရေးဆောင်ရွက်နေကြပြီ။ သေသူက အသက် ၂၅ လောက်တော့ရှိမယ်။ မိသားစုတော့ သက်ဆိုင်ရာက ရှာဖွေပေးနေတယ်ဗျ။ ပိုင်ရှင်မဲ့တော့မဟုတ်ဘူး” လို့ MT News ကို ပြောပါတယ်။
အဆိုပါ အမျိုးသားကို မျိုးဆက်သစ် လူမှုကူညီရေးအသင်းယာဉ်နဲ့ မြစ်ကြီးနားဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
