MT News
၁၁. ၁၁. ၂၀၂၅
တေးသံရှင်အောင်လ အပါအဝင် အဆိုတော် ၁၄ ဦးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်နေပြီး ကျန်ဂီတအနုပညာရှင်များလည်း ဆက်လက်ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂီတအနုပညာရှင်များက အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြရန်အတွက် ပြည်သူချစ်သော ဂီတအနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်မှစတင်ပြီး ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုတွင် တေးသံရှင် အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ အိမ့်ချစ်၊ အေးမြဖြူနှင့် လိမ္မော်သီးတို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဆက်လက်ပြီးလည်း ဂီတအနုပညာရှင်များစွာ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။









