MT News
၁၁. ၁၁. ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေး ကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရတားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေးကော်မတီကို အမိန့်ကြော်ငြာစာအမှတ် (၆၅/၂၀၂၅) ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် (၂) က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်အားလုံးပေါင်း ၁၁ ဦး ပါဝင်မည်ဖြစ်သည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီအနေဖြင့် အဓိကလုပ်ဆောင်ရမည့် တာဝန်များမှာ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီမှု မရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း စသည့်ဆောင်ရွက်မှုဖြစ်စဉ်များကို နည်းပညာကျွမ်းကျင်သည့် ပညာရှင်များပါဝင်သောအဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီ စောင့်ကြည့်ရန်၊ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ပို့စ်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ ဆောင်ရွက်နေမှုအပေါ် နည်းပညာအရရှာဖွေဖော်ထုတ်ပြီး တားမြစ်ရန်၊ ကျူးလွန်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆောင်ရွက်သွားရန် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့အပြင် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားဖော်ပြနေမှုများအတွက် အဖွဲ့ဖွဲ့စည်းပြီး တန်ပြန်ဆောင်ရွက်ရန်၊ ကျူးလွန်သူများအသုံးပြုလျက်ရှိသော တယ်လီဖုန်းနံပါတ်များ ပိတ်သိမ်းနိုင်ရေး၊ ငွေရေးကြေးရေး ကိစ္စရပ်များအတွက် ၎င်းတို့အသုံးပြုလျက်ရှိသော ဘဏ်အကောင့်များ၏ အချက်အလက်များ၊ ငွေသွင်း၊ ငွေထုတ်မှတ်တမ်းများရယူခြင်းနှင့် ဘဏ်အကောင့်များ ယာယီတားဆီးခြင်းပြုလုပ်နိုင်ရေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက တားမြစ်ပေးနိုင်ရေးအတွက် ကန့်ကွက်စာ၊ အကြောင်းကြားစာများ ပေးပို့ဆောင်ရွက်ရန်၊ ကျူးလွန်သူများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းမှ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေး အကြောင်းကြားရန်၊ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများဆောင်ရွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ကြောင်း ပြည်သူလူထု သိရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ ကော်မတီအနေဖြင့် လိုအပ်သည့် အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ဆောင်ရွက်သွားရန်နှင့် ကော်မတီအနေဖြင့် လိုအပ်သည့် လုပ်ငန်းကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန်တာဝန်ပေးထားကြောင်း အဆိုပါ အမိန့်ကြော်ငြာစာအရ သိရသည်။
