◾️ သတင်းလိမ်လည်တင်ဆက်မှုကြောင့် BBC ညွှန်ကြားရေးမှူးချုပ်နဲ့ အမှုဆောင်အရာရှိချုပ်တို့ နုတ်ထွက်ရသည့်အပြင် BBC ဥက္ကဋ္ဌကပါ တောင်းပန်
၁၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ အဖွဲ့က ယူနိုက်တစ်ကင်းဒမ်း(ဗြိတိန်)နိုင်ငံနဲ့ ပြည်သူပိုင် BBC အသံလွှင့်ဌာနကို ဒေါ်လာ တစ်ဘီလျံ (ယူရို ၈၆၅ သန်း) နစ်နာကြေးရလိုမှုနဲ့ တရားစွဲဆိုမယ်လို ခြိမ်းခြောက်တဲ့ စာတစ်စောင် BBC သို့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ထရမ့်ပ်ရဲ့ရှေ့နေတွေက ဘီဘီစီ ရဲ့ အငြင်းပွားဖွယ်ရာ မှတ်တမ်းရုပ်ရှင်တစ်ခုကို နိုဝင်ဘာလ ၁၄ ရက် သောကြာနေ့နောက်ဆုံးထားလို့ ပြန်လည်ရုပ်သိမ်းပေးရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် အသရေဖျက်မှုနဲ့ အနည်းဆုံး ဒေါ်လာတစ်ဘီလျံ နစ်နာကြေးတောင်းခံ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောကြားခဲ့ကြပါတယ်။

BBC ရဲ့ အဓိက Panorama အစီအစဉ်မှ ထုတ်လွှင့်တဲ့မှတ်တမ်းရုပ်ရှင်တစ်ခုက ကြည့်ရှုသူတွေကို လိမ်လည်လှည့်စား၊ အထင်အမြင်မှားမှုတွေ ဖြစ်စေခဲ့တယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာအပြီးမှာ BBC ညွှန်ကြားရေး မှူးချုပ် တင်မ်ဒေးဗီးနဲ့ အမှုဆောင်အရာရှိချုပ် ဒီဘိုရာ တားနက်စ်တို့ နိုဝင်ဘာလ ၉ ရက်က ရာထူးမှ နုတ်ထွက်ပြီးနောက် ဒီစာကို BBC ထံ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါအစီအစဉ်မှာ ထရမ့်ပ်ရဲ့ မိန့်ခွန်းတစ်ခုက သီးခြားကောက်နုတ်ချက်နှစ်ခုကို ပေါင်းစပ်ထားပြီး ထရမ့်ပ်အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန် ကွန်ဂရက်အဆောက်အအုံ အဓိကရုဏ်းကို လှုံ့ဆော်နေခဲ့တယ်လို့ အထင်အမြင်လွဲမှားမှုတွေဖြစ်စေခဲ့တယ်လို့ စွပ်စွဲခံထားရမါတယ်။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် က BBC ဟာ သူ့ကို အသရေဖျက်ခဲ့တာပဲလို့ ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ ရှေ့နေအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက နိုဝင်ဘာလ ၉ ရက်က BBC ကို စာတစ်စောင် ပေးပို့ခဲ့တယ်လို့ အတည်ပြုပြောခဲ့ပါတယ်။ BBC ရဲ့အစီအစဉ်က ထရမ့်ပ်ကို အသရေဖျက်ခဲ့တယ်လို့ စွပ်စွဲထားပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
အဆိုပါကိုယ်စားလှယ်က “သမ္မတထရမ့်ပ်ဟာ လိမ်လည်မှု၊ လှည့်ဖြားမှုနဲ့ သတင်းအတုတွေကို တရားမဝင် ရောင်းဝယ်သူတွေကို ဆက်လက်တာဝန်ယူ၊ တာဝန်ခံစေပါမယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
BBC သတင်းဌာနကလည်း စာထဲမှာ Panorama အစီအစဉ် မှတ်တမ်းရုပ်ရှင်ကို နိုဝင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး လုံးဝနဲ့ တရားမျှတစွာ ပြန်လည်ရုပ်သိမ်းပေးဖို့ သတ်မှတ်တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ BBC ကလည်း သတင်းဌာနအနေနဲ့ စာကို ပြန်လည်သုံးသပ်ပြီး အချိန်မီ တိုက်ရိုက်အကြောင်းပြန်မယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
BBC ဥက္ကဋ္ဌ ဆာမီယား ရှားက ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ ရက်အနည်းငယ်အလိုမှာ ထုတ်လွှင့်ခဲ့တဲ့ “Trump: A Second Chance?” အမည်ရှိ အစီအစဉ် ထုတ်လွှင့်ခဲ့မှုအတွက် ဆုံးဖြတ်ချက်မှားယွင်းခဲ့မှုအဖြစ် နိုဝင်ဘာလ ၉ ရက်က တောင်းပန်ခဲ့ပါတယ်။
Panorama အစီအစဉ်မှာ သမ္မတထရမ့်ပ် က ထောက်ခံသူတွေကို “ကျွန်ုပ်တို့ ကွန်ဂရက်အဆောက်အအုံကို လျှောက်လှမ်းသွားတော့မည်”၊ “ငရဲလိုပဲ တိုက်ခိုက်ကြမယ်”လို့ ပြောကြားခဲ့တယ်ဆိုတာ ပြသခဲ့ပေမယ့် ထိုစကားတွေက ထရမ့်ပ် မိန့်ခွန်းရဲ့ နေရာ အစိတ်အပိုင်းအမျိုးမျိုးကနေ ပြန်လည်ကောက်နုတ် ပေါင်းစပ်ထားတာတွေဖြစ်ပါတယ်။
ယူနိုက်တစ်ကင်းဒမ်း ဝန်ကြီးချုပ် ကားစတမ်မာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ BBC ဟာ အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှု ဒါမှမဟုတ် အဂတိလိုက်စားမှု မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အစိုးရအနေနဲ့ BBC ကော်ပိုရေးရှင်းကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက “ဒီကိစ္စမှာ အမှားတွေ ပြုလုပ်မိခဲ့တာ ထင်ရှားပြီး BBC ညွှန်ကြားရေးမှူးချုပ်နဲ့ အမှုဆောင်အရာရှိချုပ်တို့လည်း ဒီအမှားတွေအတွက် တာဝန်ယူခဲ့ကြပြီ”လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ်ပ်ဟာ ABC၊ CBS နဲ့ The New York Times တို့အပါအဝင် အမေရိကန် မီဒီယာတွေကိုလည်း အရင်က တရားစွဲဆိုခဲ့ဖူးပြီး အနိုင်ရမှုတွေ နစ်နာကြေးရမှုတွေ ရှိခဲ့ပါတယ်။
Ref- DW News
