၁၁.၁၁.၂၀၂၅
Written by Nay Yaung Lin
မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်အင်အားရှိသည့် အမျိုးသမီးထုသည် နိုင်ငံအတွက်ကြီးမားသည့် အင်အားစုကြီးဖြစ်ပြီး ထိုအင်အားစုကို မေ့ထား၍မရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဇေယျာသီရိမြိုနယ်အတွင်းရှိ အမျိုးသမီးလူထုနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများမှ အမျိုးသမီးများနှင့် နိုဝင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံမှုတွင် ဟောပြောသည့်ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တယ်လီဂရမ်၌ ဖော်ပြထားသည်။
“ကျွန်တော်က စစ်သားဗျာ။ စစ်သားဆိုတော့ ခြေလျင်တပ်မှာနေရတယ်။ စစ်ဆင်ရေးတွေ သွားရတယ်။ အန္တရာယ်တွေများတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ အန္တရာယ်ကင်းအောင်ဘာလုပ်လဲဆိုတော့ စစ်ထွက်တဲ့အခါကြတော့ အမေ့ရဲ့ထဘီစကို ချည်ရတယ်။ ကြားဖူးမှာပေါ့နော်။ အမေ့ထဘီစကို လက်မှာချည်ပြီးတော့ သွားရတယ်။ ကျွန်တော်တို့ကတော့ အမေက ကပ်ပါလာတယ်။ အမေ့ထဘီစကို ချည်ထားရင် အကာအကွယ်ရတယ်။ အန္တရာယ်ကင်းတယ်လို့ အဲဒီလိုကျွန်တော်တို့ ယုံကြည်ခဲ့တယ်။ မိခင်တစ်ယောက်က ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အစည်းမှာ အင်မတန်မွန်မြတ်တယ်။ အမေဆိုတာလည်း အမျိုးသမီးပဲ။ အမျိုးသမီးထုကြီးနဲ့ တွေ့ရတာ ရည်ရွယ်ချက်က သုံးခုရှိတယ်နော်။ နံပါတ်တစ်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက ပိုများတယ်။ လူဦးရေက ထက်ဝက်ကျော်တယ်။ ရှိတဲ့အမျိုးသမီးလူဦးရေ၊ အမျိုးသမီးထုကြီးရဲ့အားကို ကျွန်တော်တို့က လေးစားတာပါ။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက်ပဲဖြစ်ဖြစ် အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ် အင်မတန်ကြီးမားတဲ့ အင်အားစုကြီးဖြစ်တယ်။ ဒီအင်အားစုကြီးကို ကျွန်တော်တို့က မေ့ထားလို့မရဘူး’’ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။


ဆက်လက်၍ ဦးခင်ရီက အမျိုးသမီးများ၏ အခန်းကဏ္ဍကို လေးစားသဖြင့် ယခုလိုတွေ့ဆုံရခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်နှစ်ခုကိုလည်း ပြောကြားခဲ့သည်။
‘‘ဒုတိယအချက်က ကျွန်တော်တို့ မြန်မာ့စကားပုံမှာရှိတယ်လေ။ အမြဲတမ်းပြောတယ်။ သမီးမိန်းကလေးဆိုရင် ထီးလို့ပြောကြတယ်။ ဟုတ်တယ်နော် ကျွန်တော်ပြောဖူးတယ်နော်။ ထီးတွေကို ကျွန်တော်လေးစားလို့ပါ။ မီးဖြစ်သွားရင် မကောင်းဘူး။ ဟုတ်တယ်မလား။ မီးဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ်လည်း ပူတယ်။ ကျန်တဲ့သူကိုလည်း ပူလောင်စေတယ်။ အဲဒီတော့ ထီးဖြစ်တဲ့ အမျိုးသမီးထုကြီးဖြစ်စေဖို့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ နောက်တတိယအချက်က ရွာတွေဆင်းတာတော့ ကျွန်တော့်ကို စည်း/မှူးတစ်ယောက်က ကပ်ပြောတယ်။ အဘရေ ကျွန်တော်တို့ ဇေယျာသီရိမှာ အမျိုးသမီးတွေက ဦးဆောင်နေတာတဲ့။ ဘယ်တော့ကြည့်ကြည့် ကြည့်လိုက်ရင် အမျိုးသမီးတွေကပဲများတယ်တဲ့။ သူတို့ပြီးရင်ပြီးတယ်တဲ့။ အဲဒီတော့ ခင်ဗျားတို့ရဲ့ အခန်းကဏ္ဍကိုလေးစားလို့ ကျွန်တော်တို့က တွေ့ရခြင်းဖြစ်ပါတယ်။ အဓိကကျတဲ့သူတွေကို ကျွန်တော်ခေါ်တွေ့ရခြင်း သဘောပါ။ ဒါက ခေါ်တွေ့ရခြင်းအကြောင်းအရင်းပါ’’ ဟု ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဇေယျာသီရိမြိုနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခဲ့မှု၊ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရရှိပါက အမျိုးသမီးများအတွက် ဆောင်ရွက်မည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ကြောင်း USDP News တွင် ဖော်ပြထားသည်။
‘‘ကျေးလတ်ဒေသတွေမှာ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခင်ဗျာတို့ဘာလုပ်ချင်ကြလဲ။ ဘာတွေလုပ်ပေးရမလဲ။ အဲဒါကို အရင်ဆွေးနွေးရအောင်။ ဒီလောက်အင်အားကြီးတဲ့ အမျိုးသမီးထုကြီးကို ခင်ဗျားတို့ ဇေယျာသီရိမြို့နယ်အတွက်၊ ခင်ဗျားတို့ရွာတွေအတွက် ဒါ့ထက်ပိုပြောရရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘယ်လိုများအကျိုးပြုရင် ကောင်းမလဲ။ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်တို့မှာ Plan တွေရှိတာပေါ့ဗျာ။ တရုတ်ပြည်မှာဆိုရင် အမျိုးသမီးရေးရာဝန်ကြီးဌာနရှိတယ်။ နိုင်ငံတော်တော်များများမှာရှိတယ်။ ခုနကပြောတဲ့ ကြီးမားတဲ့ အင်အားစုကြီးကို နိုင်ငံတော်အတွက် အသုံးချနိုင်ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာန ဆိုတာရှိရတယ်။ ပြောချင်တာက နိုင်ငံတော်အဆင့်မှာတော့ အဲဒါတွေရှိတာပေါ့နော်။ ဒါကတော့ ခဏထားလိုက်ပါ။ ကျွန်တော်တို့စဉ်းစားတာက ကျေးလတ်ဒေသပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာလုပ်ရင် ကောင်းမလဲ။ ခင်ဗျားတို့ ဘာတွေလိုနေသလဲ။ ဘာတွေဖြစ်စေချင်သလဲ။ ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုတာ ကျွန်တာ်က သိချင်တယ်။ ခင်ဗျားတို့ ပြောတာတွေလုပ်ပေးနိုင်အောင် ခင်ဗျားတို့ ကျွန်တော်တို့ပါတီကို အားပေးပါ’’ ဟုလည်း ဦးခင်ရီက ပြောကြားခဲ့သည်။
ထိုနောက် တွေ့ဆုံပွဲလာရောက်သည့် ရပ်ကွက်၊ကျေးရွာအုပ်စုအသီးသီးမှ အမျိုးသမီးများက မိမိတို့ရပ်ရွာအတွင်းရှိ အမျိုးသမီးများ ဘဝလုံခြုံမှုရှိစေရေး၊ အမျိုးသမီးရေးရာအဖွဲများ ဖွဲစည်းပေးရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသလိုအပ်ချက်များ တင်ပြမေးမြန်းခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒသမ ၄ သန်း (စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၁၉ ဒသမ ၂ သန်းအပါအဝင်) ရှိပြီး အမျိုးသမီးဦးရေမှာ ၅၃ ဒသမ ၁ ရာခိုင်နှုန်းရှိကာ အမျိုးသားဦးရေမှာ ၄၇ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးအချိုးအစားပိုမိုများပြားကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ သိရသည်။
Photo: USDP News
