သတိုး
၁၁. ၁၁. ၂၀၂၅
တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျီမင် ချန်သည် ဇိမ်ခံပစ္စည်းများနှင့် နေထိုင်ခဲ့ပြီး “ဓနဥစ္စာ၏နတ်ဘုရားမ” ဟု အမည်ပြောင်ရခဲ့သော်လည်း၊ ဗြိတိန်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်သော အမေရိကန်ဒေါ်လာ ၆ ဘီလျံ ကျော်တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးဘစ်ကွိုင် (Bitcoin) များကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိပြီးနောက်တွင် ယခုအခါ ရေရှည်ထောင်ဒဏ်ချမှတ်ခံရတော့မည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်သည်။
အသက် ၄၇ နှစ်အရွယ်ရှိပြီး ယာဒီ ကျန်းဟူသော အမည်ဝှက်ကို အသုံးပြုခဲ့သည့် ကျီမင် ချန်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် လူပေါင်း ၁၂၈,၀၀၀ ကျော် ကို လိမ်လည်သည့် အစီအစဉ်ဖြင့် ရာဇဝတ်မှုကျူးလွန်ကာ တရားမဝင်ရရှိသော ငွေများကို ဘစ်ကွိုင်ပိုင်ဆိုင်မှုများအဖြစ် သိုလှောင်ထားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ရှေ့နေများ၏ ပြောကြားချက်အရ ချန်သည် ထိုလိမ်လည်မှုအစီအစဉ်တွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ သူမသည် ၂၀၁၈ ခုနှစ်တွင် အတုအယောင် စာရွက်စာတမ်းများကို အသုံးပြု၍ တရုတ်နိုင်ငံမှ ထွက်ပြေးလာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကာ ရရှိလာသော ငွေများကို ငွေကြေးခဝါချရန် ကြိုးပမ်းခဲ့သည်။
သူမသည် ငွေကြေးလိမ်လည်မှုကျုးလွန်ကာ ငွေကြေးခဝါချမှုများကြောင့် ထောင်ဒဏ် ၁၄ နှစ်အထိ ရင်ဆိုင်ရဖွယ်ရှိသည်။ ရာဇဝတ်မှုနှင့်ဆိုင်သော ပိုင်ဆိုင်မှုများကို ရယူပိုင်ဆိုင်ခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဝန်ခံခဲ့သည့် အဆိုပါ တရုတ်နိုင်ငံသူအား လန်ဒန်မြို့၊ Southwark Crown Court တွင် ယခုလာမည့် တနင်္လာနှင့် အင်္ဂါနှစ်ရက်ကြာ (နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်) ကြားနာစစ်ဆေးပြီးနောက် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။
သူမ၏ မလေးရှားနိုင်ငံသား လက်ထောက်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဆင့်ဟော့လင်းသည်လည်း အဆိုပါတရားရုံး၌ပင် ငွေကြေးခဝါချမှုဖြင့် ဝန်ခံထားပြီး ယခုရက်ပိုင်းအတွင်းပင် ပြစ်ဒဏ်ချမှတ် ကျခံရန် စောင့်ဆိုင်းနေသည်။ အခြားလက်ထောက်တစ်ဦးဖြစ်သည့် ကျီယန် ဝမ်သည်လည်း ပြီးခဲ့သည့်နှစ်က အဆိုပါအစီအစဉ်တွင် ပါဝင်မှုအတွက် ဒေါ်လာ ၂ ဘီလျံ ကျော်တန်ဖိုးရှိ ဘစ်ကွိုင်ပိုက်ဆံအိတ်များနှင့်အတူ ဖမ်းမိခဲ့ပြီးနောက် ထောင်ဒဏ် ၆ နှစ် ၈ လ ချမှတ်ခံခဲ့ရသည်။
ချန်သည် ရင်းနှီးမြှုပ်နှံသူအသစ်များထံမှ ရရှိသောငွေများကို အစောပိုင်း ရင်းနှီးမြှုပ်နှံသူများအား အကျိုးအမြတ်အဖြစ် ပြန်လည်ပေးချေသည့် ပွန်ဇီအစီအစဉ် (Ponzi scheme) ကို စီမံခန့်ခွဲခဲ့သည်ဟုလည်း ယုံကြည်ရသည်။
သူမသည် သားကောင်များ၏ ငွေအများစုကို ဘစ်ကွိုင်အဖြစ်သို့ ပြောင်းလဲပြီးနောက်၊ ဗြိတိန်နိုင်ငံတွင် အိမ်ခြံမြေများ ဝယ်ယူခြင်း (ပေါင် ၂၃ သန်း သို့မဟုတ် ဒေါ်လာ ၃၀ သန်းတန် လန်ဒန်စံအိမ်ကြီး အပါအဝင်) မှတစ်ဆင့် ငွေကြေးခဝါချရန် စတင်ကြိုးပမ်းခဲ့သည်။
ချန်၏ တွဲဖက်တရားခံ ဆင့်ဟော့လင်းကို ရဲတပ်ဖွဲ့က စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် သူမကို ဖမ်းဆီးနိုင်ခဲ့ကာ ပေါင် ၁၁ သန်းတန်ဖိုးရှိ ငွေသား၊ ရွှေနှင့် ဒစ်ဂျစ်တယ်ငွေကြေးများကို သိမ်းဆည်းခဲ့သည်။
ဖမ်းဆီးခြင်းမပြုမီတွင် လန်ဒန်ရဲတပ်ဖွဲ့သည် သမိုင်းတစ်လျှောက် အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးသိမ်းဆည်းမှုဟု ယုံကြည်ရသည့် လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၆ ဘီလျံကျော် တန်ဖိုးရှိ ဘစ်ကွိုင် ၆၁,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။
ဥပဒေအကျိုးဆောင် Fieldfisher မှ ဝီလျံ ဂလိုဗာက ဤအမှုသည် “ကော်ပိုရိတ်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်း ပါဝင်သည့် တန်ဖိုးအရ ဤကဲ့သို့သော ဥပဒေအမှုများတွင် အကြီးဆုံး ဖြစ်နိုင်သည်” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
သူ၏ အမှုသည်အချို့သည် ၎င်းတို့၏ဘဝ၊ အိမ်ထောင်ရေးနှင့် မိသားစုများကိုပါ ထိခိုက်စေသည့် ရင်းနှီးမြှုပ်နှံမှု၏ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အခြားရင်းနှီးမြှုပ်နှံသူများကို ကိုယ်စားပြုသည့် Duan & Duan မှ ဂျက်ဆင် အန်ဂျီ၏ အဆိုအရ တရားခံသည် အစိုးရ၏ ထောက်ခံမှုရှိသည်ဟု ပြောဆိုကာ လူထုပွဲများကို စီစဉ်ခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများအဖြစ် အတွေ့အကြုံမရှိသူများနှင့် “အရာရာကို စစ်ဆေးလေ့မရှိသူများ” ကို ဆွဲဆောင်ကာ အမြတ်ထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်တွင် တင်ဆက်မှုတစ်ခုသို့ တက်ရောက်ခဲ့ပြီးနောက် အသက် ၄၀ အရွယ် ရုံးဝန်ထမ်း တရုတ်ဇနီးမောင်နှံတစ်စုံသည် ၎င်းတို့၏ အငြိမ်းစားယူရန်နှင့် သမီးအတွက် စုဆောင်းထားသော ဒေါ်လာ ရာပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ သူတို့၏ ရင်းနှီးမြှုပ်နှံမှုမှ ကတိပေးထားသော အကျိုးအမြတ်များကို ၂၀၁၇ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။ ယခုအခါ ၎င်းတို့၏သမီးသည် ၎င်းတို့နှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်သွားခဲ့ပြီဖြစ်ကြောင်း အမ်ဂျီက ပြောသည်။
လူထုက မြှုပ်နှံရန်စိတ်ဝင်စားမှု တိုးမြင့်လာခြင်းကြောင့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၃,၆၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဘစ်ကွိုင်သည် လက်ရှိအချိန် ဒေါ်လာ ၁၀၀,၀၀၀ ဝန်းကျင်တွင် ရှိနေသည်။
ဗြိတိန်အာဏာပိုင်များက အဆိုပြုထားသည့် နစ်နာကြေးပေးချေရေး အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို လန်ဒန်မြို့ရှိ High Court တွင် အရပ်ဘက်ဆိုင်ရာ တရားစွဲဆိုမှုများဖြင့် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်။ အမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ ကျီမင် ချန်၏ လိမ်လည်မှု ကျူးလွန်ခံရသော သားကောင် ၁,၃၀၀ ခန့် ရှိကြောင်း သိရသည်။
Ref : AFP Via MSN
