နေမိုး
၁၁. ၁၁. ၂၀၂၅
ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသည့် အမျိုးသားတစ်ဦးကို .ယမန်နေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်ဖြတ်ကာ ရက်စက်စွာ သတ်ဖြတ်လိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယခုဝန်ခံလာသည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်အချိန်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြိုနယ်၊ ကံကြီးအုပ်စု၊ ဂွေးကောင်းပင်ရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသည့် ဦးဝင်းအောင် ဆိုသူအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက သေနတ်၊ ဓားများဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ပြည်သူ့စစ်ကတ်ပြား ၁ ခုနှင့် မိုဘိုင်းဖုန်း ၁ လုံး လုယက် သိမ်းဆည်းခဲ့သည်ဟု ဝန်ခံချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းအောင်သည် စစ်သင်တန်း တက်ရောက်ထားသူဖြစ်ပြီး PDF များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်းများ လုပ်ဆောင်နေသူဖြစ်သည်ဟု ကျုးလွန်သည့် ပဲခူး PDF အဖွဲ့က အကြောင်းပြချက်ပေးသော်လည်း MT News ထိုစွပ်စွဲချက်များ မှန်မမှန် မြေပြင် အတည်မပြုနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

